သြစတြေးလျတွင် ပျောက်ဆုံးသွားသော ရေဒီယိုသတ္တိကြွပစ္စည်းပါရှိသည့် သတ္တုဘူးငယ်တစ်ခုကို ရှာဖွေနေဆဲဖြစ်၊ ကျန်းမာရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ထား

0
275

သြစတြေးလျအနောက်ပိုင်း၌ သယ်ယူပို့ဆောင်ရေးပြုလုပ်စဉ်တွင် ပျောက်ဆုံးသွားသော ရေဒီယိုသတ္တိကြွပစ္စည်းပါရှိသည့် သေးငယ်သော သတ္တုဘူးကို ရှာဖွေနေဆဲဖြစ်ပြီး ယင်းကိုထိမိကိုင်မိခြင်းမရှိစေရန် ကျန်းမာရေးဆိုင်ရာသတိပေးချက်တစ်ရပ်ကို တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

အချင်းတစ်လက်မ၏ လေးပုံတစ်ပုံခန့် အတိုင်းအတာရှိပြီး တစ်လက်မ၏ သုံးပုံတစ်ပုံခန့်မြင့်သော ငွေရောင်သတ္တုဘူးငယ်တစ်ခုအတွင်းတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ၌ အသုံးပြုသည့် ရေဒီယိုသတ္တိကြွ Caesium-137 ပမာဏ အနည်းငယ်ပါရှိသည်။ ဩစတေးလျကျန်းမာရေးဌာနက ယင်းပစ္စည်း၏ပြင်းထန်သောကျန်းမာရေးထိခိုက်စေမှုအကျိုးဆက်များကို သတိပေးထားခြင်းဖြစ်သည်။

အဆိုပါ သတ္တုဘူးငယ်ပါဝင်သော ပစ္စည်းသည် ဇန်နဝါရီ ၁၂ ရက်က နယူးမန်း(Newman)မြို့မြောက်ဘက်ရှိ သတ္တုတွင်းတစ်ခုမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း အနောက်သြစတြေးလျ မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုဌာနမှ စနေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းပစ္စည်းကိုပြုပြင်ရန်အတွက် ပါ့သ်(Perth)မြို့ အရှေ့မြောက်ဘက် ဆင်ခြေဖုံးသို့ ပို့ဆောင်ရန်ဖြစ်ပြီး၊ သတ္တုဘူးပါဝင်သည်ဆိုသော ပစ္စည်းသည် ဇန်နဝါရီ ၁၆ ရက်က ပါ့သ်မြို့သို့ရောက်ရှိလာသဖြင့် ယင်းကိုလုံခြုံသော ဓာတ်ရောင်ခြည်ဌာနတွင် သိမ်းဆည်းခဲ့သည်။

သို့သော် ဗုဒ္ဓဟူးနေ့တွင် စစ်ဆေးရန်အတွက် အထုပ်ကိုဖွင့်လိုက်သောအခါတွင် ဝက်အူများပြုတ်နေသည်ကို တွေ့ရှိခဲ့ရပြီး သတ္တုဘူးမှာ အထဲတွင်မရှိခဲ့ပေ။

ထို့ကြောင့် အနောက်သြစတေးလျရဲများသည် သြစတြေးလျနိုင်ငံ ဘေးအန္တရာယ်တားဆီးကာကွယ်ရေးအေဂျင်စီသို့ ထိုနေ့ညနေပိုင်းတွင် အကြောင်းကြားခဲ့သည်။ တာဝန်ရှိသူ David Gill ၏ ပြောကြားချက်အရ ယင်း သတ္တုဘူးငယ်ကို ပြန်လည်တွေ့ရှိရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here