အဝေးပြေးခရီးသည်တင်(Express)ကားနှင့် ၁၂ ဘီးကုန်တင်ကားတိုက်မိ၍ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု နောင်ချိုမြို့နယ်တွင်ဖြစ်ပွား

0
188

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်ရှိ မန္တလေး-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၂၉ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၁၁ နာရီခွဲခန့်က နောင်ချိုမြို့နယ်၊ မန္တလေး-လားရိူးသွား ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၇၅/၅ နှင့် ၇၅/၆ ကြားတွင် အဝေးပြေးခရီးသည်တင်(Express)ကားနှင့် ၁၂ ဘီးကုန်တင်ကားတို့တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား နောင်ချိုမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

” ၁၂ ဘီးကားကအဆင်း ခရီးသည်တင်ကားက အတက်ပေါ့ အဲဒီမှာဝင်တိုက်မိတာ ကုန်တင်ကားမောင်းတဲ့လူကတော့ ကားခေါင်းခန်းထဲမှာညပ်နေလို့ ကယ်ထုတ်ခဲ့ရတယ် ထိခိုက်ဒဏ်ရာရတာကတော့မများပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကား ၂ စီးတိုက်မိမှုကြောင့် အမျိုးသား ၃ ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဖြူစင်မေတ္တာလူမှုရေးကူညီရေးအသင်းကားဖြင့် နောင်ချိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ခရီးသည်တင်ကားကော ကုန်တင်ကားကော ပျက်စီးသွားတာတွေရှိတယ် ခရီးသည်တင်ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေညအိပ်နားနေဖို့ သဖန်းကိုင်းပရဟိတအသင်းဆရာတော်က တာဝန်ယူပြီးကူညီပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here