ဂျပန်၌နှင်းတောင်ပြိုကျမှုကြောင့်နှင်းလျှောစီးသူနှစ်ဦးပျောက်ဆုံးနေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်

0
328

နာဂါနို၊ဇန်နဝါရီ ၂၉

ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုစီရင်စုရှိ အမြင့် ၂,၁၀၀ မီတာရှိသော တောင်ကုန်းတစ်ခု၌ နှင်းလျှောစီးနေစဉ် ဆီးနှင်းပြိုကျမှုကြောင့် အမျိုးသားနှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဖြစ်ဖြစ်ချင်းကယ်ဆယ်ရေးလုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ရာသီဥတုအခြေအနေနှင့် နှင်းထုပြိုကျမှုအခြေနေများမတည်ငြိမ်သေးသဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ရန် အဆင်မပြေသေးကြောင်းသိရှိရသည်။

အဆိုပါပျောက်ဆုံးနေသူအမျိုးသားနှစ်ဦးအပါအဝင် စုစုပေါင်း ၁၃ ဦးတောင်ပေါ်တက်သွားခြင်းဖြစ်ကာ ကျန် ၁၁ ဦးမှာ ဘေးကင်းကင်းနှင့်ပြန်ဆင်းလာနိုင်ခဲ့ပြီး ၎င်းတို့အားလုံးသည် နိုင်ငံခြားသားများဖြစ်ကြသည်ဟုဆိုသည်။

ပျောက်ဆုံးနေသူနှစ်ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တနင်္လာနေ့ယနေ့၌ စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်သည့် ထင်ရှားသောသဲလွန်စမတွေ့ရသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့များကပြောကြားခဲ့သည်။

နှင်းထုပြိုကျမှုအတွင်းပိတ်မိနေသူမှာ စုစုပေါင်းငါးဦးဖြစ်သော်လည်း ကျန်သုံးဦးသည်လွတ်မြောက်လာခဲ့ပြီး ယင်းတို့အနက်တစ်ဦးမှာ လက်ကျိုးသွားကြောင်းသိရသည်။အဆိုပါနာဂါနိုဒေသ၌ နှင်းထုပြိုကျနိုင်မှုအခြေအနေနှင့်ပတ်သက်၍ အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားဆဲဖြစ်သည်ဟုလည်းဖော်ပြထားသည်။

Ref 1 : Nikkei Asia
Ref 2 : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here