ဖားကန့်တွင် မြေစာပြိုကျ၍ ရေမဆေးကျောက်ရှာနေသူ ၄ ဦးသေဆုံး

0
277

ကချင်ပြည်နယ်၊ဖားကန့်မြို့၊နမ့်မှော်ကျေးရွာရှိ ကျောက်ရှာဖွေသည့်လုပ်ကွက်ဟောင်းတစ်ခုတွင် ဇန်နဝါရီ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက မြေစာပြိုကျ၍ ရေမဆေးကျောက်ရှာနေသူ ၄ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က ဖားကန့်မြို့၊နမ့်မှော်ကျေးရွာရှိ ကျောက်ရှာဖွေသည့်ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပြိုကျခဲ့ခြင်းဖြစ်ကာ ရေမဆေးကျောက်ရှာဖွေနေသည့် အမျိုးသား ၄ ဦးပေါ်သို့ ပိမိသွားခဲ့ကြောင်း သိရသည်။

မြေစာပိမိခဲ့သည့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦးအား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ရေမဆေးကျောက်ရှာဖွေနေသူများက ရှာဖွေမှုများပြုလုပ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီကျော်ခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

“မြေစာပိမိတဲ့ ၄ ယောက်လုံးက သေဆုံးသွားပါတယ် မြေတူးစက်တွေအကူအညီနဲ့ပါရှာခဲ့ရတာ အသက်ရှင်လျက်တော့မကယ်နိုင်ခဲ့ဘူး ၄ ယောက်လုံးက အသက် ၃၀ ကျော်အရွယ်တွေကြီးပဲ”ဟု ရှာဖွေကယ်ဆယ်ရေးပြုလုပ်ခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်းများအား ဆိုင်းတောင်(ဆိပ်မူ)သုဿန်သို့ လူမှုကူညီရေးအသင်းကားများဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“သေဆုံးတဲ့လူ ၄ ယောက်လုံးရဲ့ မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်ရပါတယ် သူတို့ ၄ ယောက်က ရေမဆေးကျောက်ရှာဖို့ ကျင်းတူးနေတဲ့အချိန် မြေစာပြိုကျသွားတာလို့ သိထားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here