မြန်မာပွဲစားကြောင့် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားအား နှလုံးလှပရဟိတအဖွဲ့မှကူညီပေးခဲ့

0
184

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် မြန်မာပွဲစား၏ စကားအားနားထောင်မိ၍ ဒုက္ခရောက်နေသဖြင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ကူညီပေးခဲ့ကြသည်။

မြန်မာနိုင်ငံသားတစ်ဦးသည် မလေးရှားနိုင်ငံ၊ဂျိုဟိုးမြို့၌ ရောက်ရှိအလုပ်လုပ်ကိုင်နေသည်မှာ ၃ လခန့်သာရှိသေးပြီး အလုပ်အဆင်မပြေမှုကြောင့် အလုပ်ပြောင်းရွှေ့လုပ်ကိုင်ရန် မြန်မာပွဲစားတစ်ဦးနှင့်ချိတ်ဆက်ခဲ့သည်။

ထို့နောက် မြန်မာပွဲစား၏ ပြောစကားအရ ဆလန်ကောပြည်နယ်၊ဘန်တင်းမြို့၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် ရင်းဂစ် ၃၀၀ နှင့်ကားခအဖြစ် ရင်းဂစ် ၃၅၀ ပေးချေ၍ သွားရောက်ခဲ့ကြောင်း သိရသည်။

ဘန်တင်းမြို့သို့ ညပိုင်းတွင်ရောက်ရှိခဲ့ပြီး ကားမောင်းသူမှ အလုပ်နေရာဟုပြောဆို၍ထားခဲ့ရာ အခက်အခဲများကြုံတွေ့နေရသဖြင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)ထံဆက်သွယ်၍ အကူအညီတောင်း ခံခဲ့သည်။

ထို့ကြောင့် ဘန်တင်းမြို့ရှိ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)၏ အဖွဲ့ဝင်များက သွားရောက်ခေါ်ဆောင်ကာ ကူညီပေးခဲ့ကြကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ပွဲစားများ၏ပြောစကားအားနားထောင်မိ၍ ဒုက္ခရောက်ရသူများစွာရှိနေပြီး အချို့မှာ အလုပ်ရမည်ဟုပြောဆို၍ ပွဲစားများမှ အလုပ်သမားများအား နေအိမ်ထဲ၌သော့ခတ်၍ ဖုန်းနှင့်ပိုက်ဆံများအား သိမ်းဆည်းယူဆောင်ကာ မြန်မာနိုင်ငံရှိ မိသားစုဝင်များထံဆက်သွယ်စေ ပြီး ငွေတောင်းခိုင်းခြင်းများလည်းရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here