အီရန်တွင် လမ်းပေါ်၌ ကပြခဲ့သော စုံတွဲအား တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

0
337

အီရန်နိုင်ငံတွင် လမ်းပေါ်၌ ကပြခဲ့သည့် ဗီဒီယိုအား အင်တာနက်ပေါ် တင်ခဲ့သော အသက် ၂၀ နှစ်ကျော် စုံတွဲတစ်တွဲအား တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တရားရုံးသည် အဆိုပါ စုံတွဲအား စာရိတ္တပျက်ပြားမှုနှင့် အများပြည်သူရှေ့ ပြည်တန်ဆာလုပ်ငန်းအား အားပေးအားမြှောက်ပြုမှုဟူသော နိုင်ငံ၏ အစ္စလာမ်ဥပဒေများအရ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ သတင်းအေဂျင်စီ (HRANA) ၏ အဆိုအရ တရားရုံးသည် အဆိုပါစုံတွဲအား ထောင်ဒဏ် ၁၀ နှစ်နှင့် ခြောက်လ ချမှတ်ခဲ့သည့်အပြင် ၂ နှစ်တိုင်တိုင် အင်တာနက် သုံးစွဲခွင့်နှင့် အီရန်မှ ထွက်ခွာခွင့်အား ပိတ်ပင်ခဲ့ကြောင်း သိရသည်။

အမီလ် မိုဟာမတ် အာမာဒီနှင့် အဇီယာ့ဇ် ဟာဘီဘီ တို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက တေရန်မြို့ရှိ အဇာဒီ မျှော်စင်ရှေ့တွင် ကနေသည့် ဗီဒီယိုအား အင်တာနက်ပေါ်တွင် တင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဗီဒီယိုထဲတွင် ဟာဘီဘီသည် ခေါင်းစည်းပဝါ သို့မဟုတ် ဟီဂျပ်မပါဘဲ အမျိုးသားတစ်ဦးနှင့်အတူ တိုင်းပြည်၏ အထင်ကရ နေရာရှေ့၌ ညဘက်အချိန်မတော် ကပြခဲ့သဖြင့် အာဏာပိုင်များက ၎င်းတို့သည် နိုင်ငံ၏ အစ္စလာမ်ဥပဒေများအား ဆန့်ကျင်ကြောင်း ပြသရန် ကြိုးပမ်းနေသည်ဟု ယူဆကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အီရန်တွင် အမျိုးသမီးများအား လူမြင်ကွင်း၌ ကခုန်ခြင်းကို တားမြစ်ထားသည်ဟုလည်း သိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here