ခြောက်ရက်အတွင်း ဒေါ်လာ ၅၈ ဘီလျံ ဆုံးရှုံးသွားသည့် လက်ရှိ အာရှတိုက်၏ တတိယအချမ်းသာဆုံး ပုဂ္ဂိုလ် အဒါနီ

0
277

အိန္ဒိယဘီလျံနာ သူဌေးကြီး ဂါတမ် အဒါနီသည် ခြောက်ရက်တာ စတော့ရှယ်ယာ ရောင်းဝယ်ရေး ကာလအတွင်း ကိုယ်ပိုင် ပိုင်ဆိုင်မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈ ဘီလျံ ဆုံးရှုံးသွားကြောင်း သိရသည်။

အဒါနီသည် ဆိပ်ကမ်းနှင့် လေဆိပ်ကဲ့သို့ အရင်းအနှီး အမြောက်အများ စိုက်ထုတ်ရသော အခြေခံအဆောက်အဦ များကို တည်ဆောက်သည့် ကော်ပိုရေးရှင်းကြီးအား ဦးစီးနေသူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်းမှစ၍ ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် စာရင်းဝင်ခဲ့ဖူးသူဖြစ်သည်။

သို့ရာတွင် ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဟင်ဒန်ဘတ်ဂ် ငွေကြေးဆိုင်ရာ သုတေသန ကုမ္ပဏီက အဒါနီအုပ်စုသည် စတော့ရှယ်များ စျေးကစားခြင်းနှင့် ဘဏ်စာရင်း လိမ်လည်ခြင်းများကို  ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့ပြီးနောက် ကုမ္ပဏီ၏ ငွေချေးစာချုပ်များနှင့် ရှယ်ယာများ ဆက်တိုက် စျေးကျဆင်းလာခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ဘီလျံနာများ၏ ငွေကြေးပိုင်ဆိုင်မှုများကို ဘလွန်းဘတ်က စတင်ခြေရာခံချိန်မှစ၍ ဖြစ်ပွားခဲ့သော ငွေကြေးဆုံးရှုံးမှုများတွင် အဒါနီ ဖြစ်ရပ်သည် ငွေပမာဏနှင့် အချိန်နှုန်းထားအရ အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့နှစ် စက်တင်ဘာလတွင် အများဆုံး ဒေါ်လာ ၁၅၀ ဘီလျံ ပိုင်ဆိုင်ခဲ့ရာမှ ယခုအခါ ၆၁ ဘီလျံသာ ကျန်ရှိတော့သည်။

ယခုအခါ အဒါနီသည် ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွင် နံပါတ် ၂၁ နေရာနှင့် အာရှတိုက်၏ အချမ်းသာဆုံးစာရင်းတွင်မူ တတိယနေရာမှ ရပ်တည်နေကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here