ကျောက်ကြီးမြို့ရှိ နတ်သံကွင်း-ကျောက်ကြီးသွားကားလမ်းတွင် လက်လုပ်ကားမိုင်းပေါက်ကွဲ ပြည်သူ ၄ ဦးဒဏ်ရာရ

0
230

ပဲခူးတိုင်း၊ကျောက်ကြီးမြို့ရှိ နတ်သံကွင်း- ကျောက်ကြီးသွားကားလမ်းတွင် ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းက လက်လုပ်ကားမိုင်းပေါက်ကွဲ၍ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ကျောက်ကြီးမြို့၊ကပ်ကျေးရပ်ကွက်နေ ဦးအောင်အောင် မောင်းကာ ဒေါ်ဇာခြည်ဦး၊မောင်လွင်ကိုအောင်၊ မောင်အောင်သူရမျိုးလွင်နှင့်မရှင်းသန့်လင်း(၇)နှစ်တို့လိုက်လာသောကားသည် နတ်သံကွင်း- ကျောက်ကြီးသွားကားလမ်း၏ ညောင်ကုန်းတံတားရှောင်ကွင်းလမ်းအရောက် လက်နက်ကိုင်အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်ကားမိုင်းတစ်လုံးအား နင်းမိ၍ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ကားတစ်စီးလုံးရစရာမရှိအောင်ပျက်စီးသွားတယ် သူတို့ဘက်ကထွက်တဲ့ပစ္စည်းတွေကိုလိုက်ရောင်းဖို့ ကားနဲ့ထွက်လာတဲ့အချိန်ဖြစ်သွားတာ သူတို့က အရင်နေ့တွေကလည်း ပုံမှန်ဖြတ်သွားနေကြပဲ အဲဒီနေ့ကမှဖြစ်သွားတာ ပေါက်ကွဲတဲ့နေရာက ပျက်စီးသွားတာတွေကို ချက်ခြင်းပြန်ပြင်ခဲ့ကြတယ် ကားတွေကတော့ပုံမှန်အတိုင်းဖြတ်သွားနေကြပါတယ်”ဟု ကျောက်ကြီးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကားပေါ်တွင်လိုက်ပါလာသူများအနက် ၄ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် ကျောက်ကြီးမြို့ပြည်သူ့ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အခင်းဖြစ်နေရာတစ်ဝိုက်၌ လက်လုပ်မိုင်းများထပ်မံထောင်ထားခြင်းရှိ/မရှိအား စစ်ဆေးမှုများပြုလုပ်ကာ ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here