ရွှေတိဂုံစေတီတော်တွင် ထမနဲဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပွဲနှင့်ဩဝါဒပါတိမောက်အခါတော်နေ့မင်္ဂလာအခမ်းအနားများကျင်းပ

0
195

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ထမနဲဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပွဲ၊သြဝါဒပါတိမောက်အခါတော်နေ့၊ထမနဲဆွမ်းလောင်းလှူပွဲမင်္ဂလာအခမ်းအနားများအား ဖေဖော်ဝါရီ ၄ ရက် နံနက် ၅ နာရီက စေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ဧည့်ခံတန်ဆောင်း၌ ကျင်းပခဲ့သည်။

စေတီတော်မြတ်ကြီးအား ထမနဲဆွမ်း၊သစ်သီး၊ ပန်း၊ရေချမ်း၊ဆီမီးတို့ဖြင့် ထမနဲဆွမ်းတော်ကြီးကပ်လှူပူဇော်ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့်သံဃာတော် ၆၂ ပါးတို့အား ရင်‌ပြင်တော်တောင်ဘက် ဗဟိုမဏ္ဍပ်မှစ၍ ထမနဲဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နံနက် ၇ နာရီတွင် ရင်ပြင်တော်‌မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ထေရဝါဒ‌ဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ နေနတ်သားပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ သုစိတ္တထံမှ ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များနာကြားပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ ရေစက်ချတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက်ညနေ ၄ နာရီကလည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား အသင်းပေါင်း ၂၄ သင်းဖြင့် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဝတ္ထုကံ မြေသာယာရေးဌာနအသင်းအား ဆုတံဆိပ်နှင့်ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရသည့် သီရိသုခအသင်းအား ဆုတံဆိပ်နှင့်ငွေကျပ် ၇ သိန်း၊ တတိယဆုရသည့် ဗဟိုသိုလှောင်ရေးဌာနအသင်းအား ဆုတံဆိပ်နှင့်ငွေကျပ် ၆ သိန်း၊စတုတ္ထဆုရသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနအသင်းကို ဆုတံဆိပ်နှင့်ငွေကျပ် ၅ သိန်း၊ ပဉ္စမဆုရသည့် ပြတိုက်ပြခန်းဌာနအသင်းအား ဆုတံဆိပ်နှင့်ငွေကျပ် ၄ သိန်းနှင့်နှစ်သိမ့်ဆုရရှိသည့် ရွှေသစ္စာသာသနာပြုအသင်းတို့အား ဆုတံဆိပ်နှင့်ငွေကျပ် ၃ သိန်းချီးမြှင့်ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here