ဂင်းနစ်စံချိန် ချိုးဖျက်၍ ကမ္ဘာ့ အသက်အရှည်ဆုံးခွေးဖြစ်လာသည့် ပေါ်တူဂီရှိ လယ်စောင့်ခွေးလေး ဘော်ဘီ

0
264

ဘော်ဘီဟု အမည်ပေးထားသည့် ပေါ်တူဂီ လယ်စောင့်ခွေးသည် ယခုအခါ အသက် ၃၀ နှစ်အရွယ်ဖြင့် ဂင်းနစ်စံချိန်ချိုးကာ ကမ္ဘာ့အသက်အကြီးဆုံး ခွေးဖြစ်လာခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ပတ်လောက်ကမှ ဂင်းနစ်စံချိန်ဝင်ထားသော အိုဟိုင်းယိုးပြည်နယ်မှ အသက် ၂၃ နှစ်အရွယ် ခွေးလေး စပိုက်၏ စံချိန်ကို ချိုးဖျက်ကာ အဆိုပါဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဘော်ဘီသည် ၁၉၁၀ မှ ၁၉၃၉ ခုနှစ်ကြား ၂၉ နှစ်နှင့် ၅ လကြာ အသက်ရှင်ခဲ့သော ဩစတြေးလျ နွားထိန်းခွေး ဘလူးအီ၏ ရာစုနှစ်တစ်ခုနီးပါး သက်တမ်းရှိပြီဖြစ်သော စံချိန်ကိုပါ ချိုးဖျက်၍ ကမ္ဘာပေါ်တွင် နေထိုင်ခဲ့သမျှ ခွေးအားလုံးထဲတွင် အသက်အရှည်ဆုံးဟူသည့် ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။

ဘော်ဘီသည် ဟာစေးဒို အာလန်တေဂျို ဟုခေါ်သော ပေါ်တူဂီ ခြံမွေးတိရစ္ဆာန်စောင့် ခွေးမျိုးစိတ် ဖြစ်ပြီး ပေါ်တူဂီနိုင်ငံ လိုင်ရီယာခရိုင်တွင် နေထိုင်နေကြောင်း သိရသည်။

ဘော်ဘီသည် အသက် ၃၀ နှစ်နှင့် ၂၆၇ ရက် ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဂင်းနစ်ကမ္ဘာ့စံချိန်က အသက်အကြီးဆုံး ခွေးအဖြစ် အသိအမှတ်ပြုခဲ့သည်။

တည်ငြိမ်ပြီး အခြားတိရစ္ဆာန်များနှင့် သင့်သင့် မြတ်မြတ်နေတတ်သော ခွေးလေး ဘော်ဘီသည် အသက်ကြီးဖြစ်ပြီ ဖြစ်သော်လည်း လက်ရှိတွင် အိမ်ရှိ ကြောင်လေးကောင်နှင့် ကစားနိုင်လောက်အောင် ကျန်းမာနေဆဲဖြစ်သည်။

ခွေးများ၏ ပျမ်းမျှသက်တမ်းမှာ ၁၀ နှစ်မှ ၁၃ နှစ်ကြား ဖြစ်သော်လည်း ဘော်ဘီသည် ယခုကဲ့သို့ အသက်ရှည်ရှည်နေနိုင်ရခြင်းမှာ သဘာဝတရားများဖြင့် ဝန်းရံနေသည့် ငြိမ်းချမ်းသော ကျေးလက်တောရွာတွင်သာ အမြဲနေထိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု မိသားစုဝင်များက ပြောလာသည်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here