ကော်ပီနဲ့မှီငြမ်းဆိုရင် ရုပ်ရှင်ရိုက်ခွင့်မပေးဘူးဆိုတာမျိုး ရုပ်ရှင်အစည်းအရုံးအနေနဲ့လုပ်လို့မရနိုင်ကြောင်း ဥက္ကဋ္ဌ ဦးလူမင်းပြောကြား

0
148

lu-min

ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းက မြန်မာနိုင်ငံအနေနဲ့လာမယ့် အနာ ဂတ်မှာ နိုင်ငံတာကာ WIPO အဖွဲ့ အစည်းရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ရင် မူပိုင်ခွင့်ဥပဒေဆိုတာ အသစ်ပေါ် ထွန်းလာခဲ့ရင်တော့ အခုလို Copy လုပ်ရိုက်ကူးနေတာတွေလုပ်လို့ရမှာ မဟုတ်တော့ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ မြန်မာ နိုင်ငံအနုပညာ ဆိုင်ရာမူပိုင်ခွင့် ချိုးဖောက်ခံရမှုကာကွယ်တားဆီးရေး ပူးပေါင်းကော်မတီဖွဲ့စည်းအပြီးမှာ ပြောခဲ့ပါတယ်။

” ဒီကနေ့ (နိုဝင်ဘာလ၄ရက်) ကနေစတင်ပြီးတော့ အနာဂတ်မှာတော့ နိုင်ငံတကာ WIPO အဖွဲ့ အစည်းရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ရင်၊ တိုင်းပြည်မှာလည်း မူပိုင်ခွင့်ဥပဒေ ဆိုတာကြီးအသစ်ပေါ်ထွန်းလာခဲ့မယ် ဆိုရင်ဒါတွေကို လုပ်လို့မရတော့ပါဘူး။ အစ်ကိုတို့ကိုယ်တိုင်ကအစ ဆင်ခြင်သွားရတော့မှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မူပိုင်ခွင့် ဥပဒေကြီးက လွှတ်တော်တင်တော့မယ့် အဆင့်ဖြစ်နေပြီဆိုတာသိရတော့ ဒါတွေသာပြီးသွားရင်တော့ တကယ့် ဥပဒေအရကို သက်ရောက်ပြီးတော့ အရေးယူခံရမှာမျိုး ဖြစ်တယ်။ အရေး ယူတယ်ဆိုတာတောင်မှ နိုင်ငံတကာမူ ပိုင်ခွင့်နဲ့ ပြောရင်မူပိုင်ခွင့် သဘောတရားက မူလပစ္စည်းပိုင်ရှင်က တရားစွဲမှ ဥပဒေကြောင်းအရ ဆောင်ရွက်မှ အပြစ်ပေးခံနိုင်ရတဲ့ အနေအထား ဖြစ်တယ်။ အဲ့ဒါကြောင့်အစ်ကိုတို့ ကော်မတီရဲ့ ရည်ရွယ်ချက်ထဲမှာ လည်း ပါပါတယ်။ ဖန်တီးသူတွေ ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့မူပိုင်ခွင့်ကို ကာကွယ်သလိုတစ်ပါးသူရဲ့ မူပိုင်ခွင့်ကိုလည်း လေးစားလိုက်နာ နိုင်ရန် ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုပါ ဝင်ပါ တယ်။ အစ်ကိုတို့ကပြီးခဲ့တဲ့ အကြောင်းတွေကို ပြန်ပြောမယ်ဆိုရင် တော့ နိုင်ငံတကာမူပိုင်ခွင့်နဲ့ ပတ် သက်ပြီးကင်းလွတ်တဲ့ အနုပညာ လောကဆိုတာရှားပါတယ်။ အထူး သဖြင့်ရုပ်ရှင်နဲ့ ဂီတတို့နဲ့ပတ်သက်လာရင် ကင်းခဲ့တာကနည်းပါတယ်။ ဒါပေမဲ့ အဲ့ဒီအခြေအနေအတိုင်း ဆက်သွားနေလို့မရဘူး အနာဂတ်အတွက်ကိုတော့ ပြင်ဆင်ရမှာပေါ့” လို့ ရုပ်ရှင် ဥက္ကဋ္ဌဦးလူမင်းကပြောပြ ပေးပါတယ်။

ကော်ပီတွေရိုက်ကူးတာကို ရှေ့လျှောက်ဆင်ခြင်သွားရတော့မှာ ဖြစ်တဲ့အပြင် လက်ရှိမှာပရိသတ် ဝေဖန် နေပြီဆိုကတည်းက ပရိသတ် အားပေးမှုလျော့ယုတ်လာမှာဖြစ်ပြီး ဥပဒေကြောင်းအရ ကြည့်ရင်လည်း မူလပိုင်ရှင်ကိုယ်တိုင်က တရားစွဲဆို လာပြီဆိုရင် ဥပဒေကြောင်းအရ အပြစ်ပေးခံရမယ့်သဘောတွေ ရှိလာနိုင်ကြောင်းလည်း ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းက ဆိုပါတယ်။

ကော်ပီကူး၊ မှီငြမ်းတွေဆိုရင် ရုပ်ရှင်ရိုက်ခွင့်မပေးဘူးဆိုတဲ့ ပုံစံမျိုးကိုလည်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ လုပ်လို့မရနိုင်ကြောင်း ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းကဆိုပါတယ်။ ” အခုအစ်ကိုတို့ဆီမှာလည်း ဥပဒေတွေက သူ့ဟာနဲ့သူရှိတယ်။ ကော်ပီကူးရင်၊ မှီငြမ်းလုပ်ရင် မူပိုင်ခွင့်ဥပဒေက ဘယ်လိုအရေးယူတယ်ဆိုတာ သူ့ဥပဒေနဲ့သူရှိတယ်။ လုပ်ရဲ လို့လုပ်ရင် ဥပဒေအကြောင်းအရ ရင်ဆိုင်ရ လိမ့်မယ်။ ဥပဒေကသူ့ နေရာနဲ့သူရှိတဲ့ အချိန်မျိုး။ ဒီကနေ့ခေတ် ဒီမိုကရေစီလို့ကြွေးကြော်နေတဲ့ အချိန်မျိုးမှာ ရုပ်ရှင်အစည်းအရုံးဆိုတာကြီးက သာမန် NGO အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ စည်းကမ်းတွေ ဥပဒေတွေ ကို အစ်ကိုတို့အနေနဲ့က သိပ်ထုတ်လို့ ရတဲ့အဖွဲ့အစည်းတော့မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ သူ့အခန်းကဏ္ဍနဲ့သူ ဥပဒေတွေ ထိန်းချုပ်ပြီးသား အပြင်မှာအစ်ကိုတို့က ထပ်ပြီးတော့ ဥပဒေတွေ၊ အမိန့်တွေနဲ့လုပ်ရတာ အင်မတန်ခက်တဲ့ကာလဖြစ်ပါတယ်” လို့ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းကပြောပြ ပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here