စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၈၀ ကျပ်သတ်မှတ်၊ ပြီးခဲ့သည့်အပတ်ထက် ၅၀ ကျပ်မြင့်တက်လာ

0
287

အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဖေဖော်ဝါရီလ ၆ရက် မှ ဖေဖော်ဝါရီလ ၁၂ ရက်အထိသတ်မှတ်ပေးထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၄၄၃၀ ကျပ်ဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၆၀၀၀ နှင့် ၇၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း ရောင်းချသူများထံမှ သိရသည်။

ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here