QR Code ပြုလုပ်ခြင်းဖြင့် ကုန်တင်ယာဉ်များ ဝင်/ထွက် သွားလာမှုအဆင်ပြေဟုဆို

0
314

နယ်စပ်မှ ပို့ကုန်များကို သယ်ဆောင်သည့် ကုန်တင်ယာဉ်များအတွက် QR Code ပါဝင်သည့်စနစ် ကျင့်သုံးခြင်းဖြင့် ဝင်ထွက်သွားလာမှုအဆင်ပြေကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ နယ်စပ်ကုန်သွယ်ရေးမှတဆင့်ပြည်ပသို့ QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊မြဝတီ၊ချင်းရွှေဟော်‌တို့ရှိ ကုန်သွယ်မှုလမ်းကြောင်းများ၌ ငွေကြေးကောက်ခံမှုမရှိဘဲ စတင်အသုံးပြုနေကြောင်းသိရသည်။

“ QR Code ဆိုတာက လိုင်စင်တွေဘာတွေလျှောက်တဲ့အခါကျရင် QR Code နဲ့သွားရမယ်။ တန်းစီတဲ့ပုံစံပေါ့။ သိပ်ပြီးတော့အခက်အခဲမရှိပါဘူး။ QR Code လုပ်လိုက်လို့ ဝင်ထွက်သွားလာမှုအဆင်ပြေတယ်။ တခြားထူးထူးခြားခြားတော့ ပြောင်းလဲသွားတာမရှိပါဘူး။ QR Code မရှိခင်တုန်းက ကားတွေနဲ့တန်းစီတာပေါ့။ ဒါကျတော့ QR Code နဲ့တန်းစီရတာ”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

အဆိုပါ စနစ်အသုံးပြုမှုအား စမ်းသပ်ကာလပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ ယာဉ်တစ်စီးလျင် ၅၀၀၀ ကျပ်ကောက်ခံမည်ဖြစ်ကြောင်း ၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာ၌ တင်ပို့မည့်ကုန်ပစ္စည်းများအတွက် နယ်စပ်ပို့ကုန်လိုင်စင်အား Myanmar Tradenet 2.0 စနစ်တွင် ဦးစွာလျှောက်ထားရမည်ဖြစ်ကာ နယ်စပ်ပို့ကုန်လိုင်စင်ရရှိပြီးပါက ပို့ကုန်တင်ပို့မည့်ယာဉ်များ၏ အချက်အလက်များကို https://vehicle.myanmartradenet.com (Vehicle Monitoring System)တွင် ဖြည့်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် QR Code ပြသစစ်ဆေးခံနိုင်ခြင်းမရှိသည့်ယာဉ်များအား သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်လက်ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း၊အဆိုပါ ယာဉ်များသည် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား Online မှ ပြန်လည်လျှောက်ထားပြီး QR Code ရရှိမှသာ ဆက်လက်ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here