ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ Night Life လမ်းဟု လူသိများသည့် Khao San လမ်းတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၇ ရက်) ညပိုင်းက မြန်မာမှ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းမီဒီယာ Khaosod English တွင် ဖော်ပြထားသည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် ခရီးသွားများအဖြစ် ဟန်ဆောင်ပြီး ခေါက်ဝ်ဆန်လမ်းတွင် အစားအသောက်ဝယ်ယူကာ စစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် မြန်မာမှ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံရသည့် မြန်မာရွေ့ပြောင်းလုပ်သားများထဲမှ အငယ်ဆုံး အဖမ်းခံရသူမှာ ၁၉ နှစ်ဖြစ်ပြီး တရားမဝင် ဝင်ရောက်မှုနှင့် ထိုင်းနိုင်ငံသားများအတွက် သီးသန့်ကန့်သတ်ထားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်မှုတို့ဖြင့် တရားစွဲဆိုခံရမည်ဟု Khaosod English သတင်းတွင်ဖော်ပြထားသည်။