ဈေးဝယ်လာသည့် အမျိုးသမီးအား သေနတ်ဖြင့်ပစ်သတ်ကာ ငွေများယူဆောင်သွားမှု မလှိုင်တွင် ဖြစ်ပွား

0
339

ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် အမျိုးသမီးတစ်ဦးအား အမည်မသိအမျိုးသား (၂) ဦးက သေနတ်ဖြင့်ပစ်သတ်ကာ ငွေများယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခုမန္တလေးတိုင်း မလှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာအုပ်စု၊ကန်ဦးကျေးရွာအနီးတွင် ဖေဖော်ဝါရီ (၇) ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ယမန်‌နေ့မွန်းလွဲ (၂) နာရီခန့်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစဉ်ကြီးကျေးရွာ၊ ရွာသစ်ရပ်ကွက်နေ မမိုး(၄ ၂)နှစ်သည် မလှိုင်မြို့သို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်ထွက်ခွာလာစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးသည် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဥ် အမည်မသိအမျိုးသား (၂) ဦးသည် ဆိုင်ကယ်ဖြင့်နောက်မှ လိုက်ပါလာကာ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာအုပ်စု၊ ကန်ဦးကျေးရွာ မီးရထားသံလမ်းအနီး မိုင်တိုင် ၂၅/၆ နှင့် ၂၅/၇ ကြား အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်ကာ သေဆုံးသူအမျိုးသမီးပါလာသည့် ငွေကျပ် (၃) သိန်းကျော်ကို ယူဆောင်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မမိုး (၄၂) နှစ်မှာ လည်ပင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂) ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အမျိုးသမီးက စျေးရောင်းတဲ့အလုပ်လုပ်တယ်။ အခုလည်း စျေးဝယ်ဖို့ လာရင်းပစ်သတ်ခံရတာ။ သူ့ကို ပစ်သတ်ပြီးတော့ ပိုက်ဆံအိတ်ထဲက စျေးဝယ်ဖို့ယူလာတဲ့ ပိုက်ဆံ (၃) သိန်းကျော်ကိုလည်း ယူသွားကြတယ်” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများ ပြုလုပ်ကာ ပြစ်မှုကျူးလွန်သူ (၂) ဦးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here