ရခိုင်ပြည်နယ်အတွင်း အိမ်ထောင်စု စာရင်းမရှိသူ ၁ ဒသမ ၄ သိန်းကျော်ကို စာရင်းကောက်ယူနိုင်ခဲ့

0
141

ရခိုင်ပြည်နယ်အတွင်း အိမ်ထောင်စု စာရင်းမရှိသူများကို အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့ရာ အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သိန်းကျော်ကို ကောက်ယူနိုင်ခဲ့ကြောင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီထံမှသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်က ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ကောက်ယူရန် လျာထားသည့် အိမ်ထောင်စုများအနက် ၈၆ ဒသမ ၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ပြီး ရခိုင်ပြည်နယ်အနေဖြင့် ၉၉ ဒသမ ၂၅ ရာခိုင်နှုန်း ကောက်ယူပြီးစီးခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်များကို လည်း e-ID Software ဖြင့် ချိတ်ဆက်ကာ အချက်အလက်ပြင်ဆင်ခြင်း၊ ဖြည့်စွက်အတည်ပြု ဆောင်ရွက်သည့် လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန် ကျန်ရှိနေသည့် အိမ်ထောင်စုများကို ကွက်ပြည့်နင်း ကောက်ယူနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ မှန်ကန်သော လူဦးရေအချက်အလက်များရရှိပြီး တိကျမှန်ကန်သော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းပြုစုနိုင်မည်ဖြစ်ကာ နိုင်ငံတော်၏ အနာဂတ်အတွက် လွတ်လပ်၍ တရားမျှတသည့် အထွေထွရွေးကောက်ပွဲကို ကျင်းပနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ (ရုံးပိတ်ရက်များမပါ) ရက်ပေါင်း ၂၀ ကြာ မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here