သိမ်ဖြူလမ်းရှိ Samsung Service Centre အပါအဝင် ရန်ကုန်မြို့၌ ယနေ့ မီးလောင်ကျွမ်းမှု ၂ ကြိမ်ဖြစ်ပွားခဲ့

0
179

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ Samsung Service Centre နှင့်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၄၄ ရပ်ကွက်တို့တွင် ဖေဖော်ဝါရီ ၈ ရက်(ယနေ့)တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီ ၂၉ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊သိမ်ဖြူလမ်းရှိ Samsung Service Centre မီးလောင်မှုအား မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၁၀ နာရီ ၄၆ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထို့ပြင် နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်ကလည်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊(၁၄၄)ရပ်ကွက်၊ဘုရင့်နောင်လမ်းရှိ စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများ Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုအား နေ့လည် ၁ နာရီ ၅၁ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၁ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“လူထိခိုက်ဒဏ်ရာရတာတွေမရှိပါဘူး စစ်ဆေးတဲ့အပိုင်းကတော့ တာဝန်ရှိသူတွေလုပ်နေကြတယ်” ဟု သိမ်ဖြူလမ်းရှိ Samsung Service Centre မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်များမှ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-ရှင်သန်ရေးလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here