တောင်ကိုရီးယားသည် ဗီယက်နမ်စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် လျော်ကြေးပေးရန် ဆိုးလ်တရားရုံး အမိန့်ချမှတ်

0
180

တောင်ကိုရီးယား မရိန်းတပ်သားများသည် ဗီယက်နက်စစ်ပွဲအတွင်း လက်နက်မဲ့ရွာသားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည့်အတွက် တရားစွဲဆိုထားသည့် စစ်ဘေးဒဏ်ခံရသူအား လျော်ကြေးပေးရန် တောင်ကိုရီးယားအစိုးရကို ဆိုးလ်မြို့ရှိ တရားရုံးက ဖေဖော်ဝါရီလ ၇ ရက် အင်္ဂါနေ့တွင် အမိန့်ချမှတ်ခဲ့သည်။

အသက် ၆၂ နှစ်အရွယ် ငုယင် သီတန်သည် ဗီယက်နမ်စစ်ပွဲအတွင်း သူ၏ နစ်နာမှုများအတွက် တောင်ကိုရီးယားအစိုးရအား ၂၀၂၀ ပြည့်နှစ်တွင် စတင်တရားစွဲဆိုခဲ့သည်။

မစ္စစ် ငုယင်၏ စွဲဆိုချက်တွင် ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ ဖုန်ညီနှင့် ဖုန်နက်ခ် ရွာများကို တောင်ကိုးရီးယား မရိန်းတပ်သားများ ဖြတ်ကျော်ဝင်ရောက်စဉ် သူ၏ မိခင်အပါအဝင် မိသားစုဝင်ငါးဦး အသက်ဆုံးရှုံးခဲ့ရပြီး သူနှင့် သူ့အစ်ကိုဖြစ်သူမှာလည်း ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ကြောင်းပြောကြားခဲ့သည်။ ရွာသား ၇၀ ကျော် သေဆုံးခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး အသက်ချမ်းသာပေးရန် တောင်းဆိုစဉ် သေနတ်များ သို့မဟုတ် လှံစွပ်များဖြင့် ထိုးသတ်ခံခဲ့ရကြောင်း အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီး မကြာခင် စုံစမ်းခဲ့သည့် အမေရိကန် စစ်တပ်အရာရှိတစ်ဦးက ပြောသည်။

ထို့ကြောင့် ဆိုးလ်ဗဟိုခရိုင်တရားရုံးက မစ္စစ်ငုယင်၏ မိသားစုအပေါ် ပြုမူခဲ့သည့် တောင်ကိုရီးယား ဒုတိယ မရိန်းတပ်မဟာ အဖွဲ့ဝင်များ၏ လုပ်ရပ်မှာ တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားသည်ဟုဆိုကာ လျော်ကြေးငွေ ဒေါ်လာ ၂၃၉၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

တောင်ကိုရီးယားသည် ၁၉၉၅ ခုနှစ်တွင် ကွန်မြူနစ်ဝါဒပြန့်ပွားမှုကို ဟန့်တားရန်အတွက် ဗီယက်နမ်စစ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့သည့် အမေရိကအားထောက်ပံ့ရန် ၎င်း၏ တပ်ဖွဲ့များကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ တပ်သား ၃ သိန်း ၂ သောင်း စေလွှတ်ခဲ့သည်ဟု နူးယော့ခ်တိုင်းမ် သတင်းဌာနက ဖော်ပြထားသည်။

Source: NY Times


LEAVE A REPLY

Please enter your comment!
Please enter your name here