ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးအား ပြုပြင်မွမ်းမံထိန်းသိမ်းရာတွင် ရှေးမူလက်ရာမပျက်စေရေးနှင့်ရေရှည်တည်တံ့စေရေးကို အလေးထားဆောင်ရွက်ရမည်

0
247

ဧရာဝတီတိုင်း၊ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေး ရွာအုပ်စုရှိ သမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား နစက ဥက္ကဋ္ဌမှဖေဖော်ဝါရီ ၈ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့်ပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် စနစ် တကျ တွက်ချက်ဆောင်ရွက်ရမည်ဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီသာသနိကအဆောက်အဦများဖြစ်၍ အဘက်ဘက်မှတွက်ချက်စိစစ်ကာ အလေးထားလုပ်ဆောင်ရန်၊ ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးဖြစ်၍ ပြုပြင်မွမ်းမံခြင်း၊ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးမူလက်ရာမပျက်စေရေးနှင့်ရေရှည်တည်တံ့စေရေးကို အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ပြုပြင်ရာတွင်လည်း လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများကို စနစ်တကျ မှတ်တမ်းပြုစုထားရှိရန်၊ လုပ်ငန်းစဉ်များအလိုက် ရေရှည် မျှော်တွေး၍ တွက်ချက်ဆောင်ရွက်ရန် မှာကြားသည်။

ထို့အတူ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများကိုလည်း တွက်ချက်ဆောင်ရွက်ရမည်ဖြစ်ကာ စေတီတော်မြတ်ကြီးကို မူလအတိုင်းကြည်ညိုသပ္ပါယ်မှုရှိစေရေးအားမထိခိုက်စေရန်လိုသည်ဟု မှာကြားခဲ့သည်။

ထို့နောက် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးအား ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံမှုများဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ရင်ပြင်တော်တိုးချဲ့ခြင်းနှင့်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများနှင့်ပုံစံငယ်ပြုလုပ်ထားမှု၊စေတီတော်ကြီး ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများအား ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

“ရှေးဟောင်းသာသနိကအဆောက်အဦးတွေကို ပြုပြင်ထိန်းသိမ်းဖို့လိုအပ်လာရင် ခေတ်ကာလနဲ့လျော်ညီတဲ့ မူလရှေးဟောင်းလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရပါမယ် သမိုင်းမှတ်တမ်းတွေက ပျောက်ပျက်လို့မရတာကြောင့် စနစ်တကျထိန်းသိမ်းဖို့နဲ့ပြုပြင်မွမ်းမံမှုတွေကိုလည်း စနစ်တကျဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here