ပဲခူး PDF အဖွဲ့ဝင် ၇ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

0
346

ပဲခူးမြို့နယ်အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့်ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြသည့် ပဲခူး PDF အဖွဲ့ဝင် ၇ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၈ ရက်တွင်ဖမ်းဆီးရမိခဲ့သည်ဟု နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၇ ရက်က ပဲခူးမြို့ရှိ မဇင်းရပ်ကွက်၊ပုဏ္ဏားစုရပ်ကွက်၊ရှင်စောပုရပ်ကွက်တို့၌ လက်လုပ်မိုင်း ၅ လုံးပေါက်ကွဲခဲ့သည့်ဖြစ်စဥ်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ငးကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်(၂၀)နှစ်၊မောင်သက် (၂၃)နှစ်နှင့်၎င်း၏ဇနီးဖြစ်သူ ထားထားဝင်း(၂၃) နှစ်၊ငစော(ခ)မျိုးမြတ်မင်းစော(၁၉)နှစ်တို့အား ဖေဖော်ဝါရီ ၈ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ မျိုးတင့်(၅၅)နှစ်နှင့်၎င်း၏ဇနီးဖြစ်သူ ယဉ်ယဉ်ဌေး(၄၈)နှစ်၊သူရိန်အောင်(ခ)အောင်သူ(၁၉) နှစ်တို့ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၂ ဦး(စုစုပေါင်း ၇ ဦး)တို့အား လက်နက်မျိုးစုံ ၄ လက်၊ကျည်အိမ်မျိုးစုံ ၅ ခု၊ ၄၀ မမဗုံးသီး ၂၇ လုံး၊ကျည်မျိုးစုံ ၄၃၈ တောင့်၊လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊အခြားမိုင်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ပဲခူးမြို့နယ်အတွင်း ၎င်းတို့ပြုလုပ်ခဲ့ကြသည့် လုပ်ကြံသတ်ဖြတ်မှုများ၊မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများနှင့်ပဲခူးမြို့နယ်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးအား လက်လုပ်မိုင်းများဖြင့် ထပ်မံဖောက်ခွဲရန် စီစဉ်လုပ်ဆောင်နေမှုတို့ကိုလည်း လုံခြုံရေးအဖွဲ့ဝင်များက ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ပဲခူး PDF အဖွဲ့ဝင်များအား ဥပဒေအရထိရောက်စွာအရေးယူရန်နှင့်ဖမ်းဆီးရန်ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here