ကိုဗစ်ကာလအလွန် ဂျပန်သို့ ရွှေအချောထည်ပစ္စည်းပြန်လည်တင်ပို့ရန် ပြင်ဆင်နေ

0
187

ကိုဗစ်ကာလအတွင်း ဂျပန်ကိုတင်ပို့မှုရပ်နားထားသည့် ရွှေအချောထည်ပစ္စည်းများကို ပြန်လည်တင်ပို့ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အရင်ကလည်းတောက်လျှောက်ပို့တယ်။ ဟိုဘက်ကလည်းဝယ်တယ်။ ကိုဗစ်ကာလမှာ နားသွားကြတယ်။ အခုတော့ ဟိုကပြန်ဝယ်မယ်ဆိုပြီး ကမ်းလှမ်းလာတာတွေရှိတယ်။ ဒီဘက်ကလည်း ရောင်းဖို့အဆင်သင့်ရှိတယ်။ ဒါပေမယ့် ကိုဗစ်စည်းကမ်းနဲ့ပဲ အဝင်အထွက်တွေမှာ ကြည့်အုံးမယ်ပြောတယ်။ သူတို့ပစ္စည်းလာရွေးမယ်၊ ဒါဟာ ကိုဗစ်ကာလအလွန်မှာ ပထမဦးဆုံးပြန်လည်ရောင်းချတာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမှာအတက်အကျရှိနေသော်လည်း ပြည်တွင်းရွှေဈေးကွက်မှာအေးနေကြောင်း၊ ယင်းအပြင် ရန်ကုန်ဈေးကွက်အတွင်းသို့ တွင်းတွေကထွက်ရှိသည့်ရွှေများနှင့် နယ်ဘက်မှ အထည်ပျက်များ အရောင်းများလာပြီး ရွှေဈေးတန်းတွင် ပစ္စည်းပေါပေါများများရှိသည့်အတွက် ရွှေဈေးငြိမ်နေခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်) ကမ္ဘာ့ရွှေဈေးတစ်အောင်စတွင်ဒေါ်လာ ၁၈၅၅ ဖြစ်ပြီး ငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာကို ၂၈၅၀ ကျပ်ဖြစ်ကြောင်း၊ ယင်းအပြင် အသင်းကထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၁၈၅၄၀၀ ရှိကြောင်းသိရသည်။

ယင်းအပြင် ဝယ်သူအချို့မှ ပြန်လည်ရောင်းချရာတွင် ကာလပေါက်ဈေးနှင့်ခွာ၍ ဝယ်ယူမှုများရှိနေသည်ကို မေးမြန်းရာတွင် “အဲဒါကတော့ ရွှေပေါ်မှာပဲ မူတည်ပါတယ်။သူက ၁၄ ပဲရည်လား၊ ၁၅ ပဲရည်လား၊ ၁၃ ပဲရည်လား၊၁၂ ပဲရည်လား အဲဒီပေါ်မှာ မူတည်ပြီးတော့ သွားတာရှိပါတယ်။ တစ်ချို့ကျတော့ ပန်းတိမ်နည်းပညာပေါ့။ များတာတွေ၊ နည်းတာတွေရှိတာပေါ့။ အဓိက ရွှေအရည်အသွေးပေါ်ပဲ မူတည်ပါတယ်” ဟု ဦးမျိုးမြင့်ကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here