နှင်းဆီပါတီကို ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP) အဖြစ် အမည်ပြောင်းကာ ယနေ့ ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထား

0
307

ထောင်ပြေးမှု၊ငွေကြေးခဝါချမှုဖြင့် ထောင်ဒဏ် ကျခံနေရသည့် ဦးကျော်မြင့် ဦးဆောင်ခဲ့ဖူးသည့် ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ(UDP) ကို ပြည်ထောင်စု ဒီမိုကရေစီပါတီဟု အမည်ပြောင်းကာ ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားလာကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်း ထုတ်ပြန်သည်။

နှင်းဆီပါတီ UDP သည် ယခင်အစိုးရ လက်ထက်က ပါတီမှတ်ပုံတင် ဖျက်သိမ်းခံရကာ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်အား ဖမ်းဆီးတရားစွဲဆိုထားခဲ့သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရရှိခဲ့သည့် တတိယအင်အားကြီး ပါတီတစ်ခုဖြစ်သည်။

အဆိုပါ ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP)အဖြစ် အမည်ပြောင်းကာ ယနေ့ ဖေဖေါ်ဝါရီ (၁၀) ရက်တွင် UEC ထံတွင် ပြန်လည် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်ကြောင်း UEC က သတင်းထုတ်ပြန်ထားသည်။

UDP ပါတီသည် လာမည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီနှင့်အပြိုင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပါတီဝင်အင်အား (၃) သိန်းကျော်အထိ အရန်သင့်ရှိကြောင်းပါတီနှင့် နီးစပ်သည့် နိုင်ငံရေး အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် ပါတီမှတ်ပုံတင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့် ညီမညီ စီစစ်ကာ ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်က အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့် ပါတီများ အနေဖြင့် (၂) လအတွင်း မှတ်ပုံပြန်တင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ပြန်လည်မလျှောက်ထားပါက ပါတီအဖြစ်မှ ပျက်ပြယ်မည်ဖြစ်ကြောင်း ပြဌာန်းထားခြင်းဖြ စ်သည်။

ထို့အပြင် ဇန်နဝါရီ (၃၁) ရက်က ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအရ ပါတီ (၂) ခု သို့မဟုတ် (၂) ခုထက် ပိုသော ပါတီများအနေဖြင့် ပူးပေါင်းကာ ပါတီအမည် အသစ်တစ်ခုဖြင့် ပြန်လည်လျှောက်ထားနိုင်ကြောင်း သိရသည်။

ပါတီမှတ်ပုံတင် ဥပဒေသစ်အရ ကန့်သတ်ချက်များ ၊ တင်းကြပ်မှုများ ရှိနေသည့်အတွက် အချို့သော ပါတီများမှာ မဟာမိတ်ပါတီများနှင့် ပူးပေါင်းကာ အမည်သစ်ဖြင့် ပြန်လည် ရပ်တည်ရမည့် အနေအထားမျိုး ရှိနေခြင်းလည်း ဖြစ်သည်။

အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ခုလုံး စည်းရုံးမည့် ပါတီများသည် ပါတီဝင်အင်အား (၁) သိန်းရှိရမည်ဖြစ်ပြီး လွှတ်တော် အရပ်ရပ်တွင် မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ခန့်ကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြဌာန်းထားခြင်း ဖြစ်သည်။

လက်ရှိတွင် ဖေဖေါ်ဝါရီ (၁) ရက်မှ ယနေ့ (၁၀) ရက်အထိ နိုင်ငံရေးပါတီ (၄) ခု မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)၊ ဖက်ဒရယ်ဒီမိုကရက်တစ် ပါတီ၊ မြန်မာပြည်သူ့ဒီမိုက ရက်တစ်ပါတီ (MPD )နဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ(UDP) တို့ဖြစ်ကြောင်း UEC မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here