နိုင်ငံရပ်ခြား နိုင်ငံအကြီးအကဲများ၏ ခရီးစဉ်များကို မည်ကဲ့သို့ အဆင့် သတ်မှတ်သနည်း 

0
498

ခေါင်းဆောင် အလည်အပတ် ခရီးစဉ်များ (leader visits) (နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၏ နိုင်ငံရပ်ခြား ခရီးစဉ်များ) သည် သွားရောက်ရသည့်  သံခင်းတမန်းခင်း ရည်ရွယ်ချက် အမျိုးမျိုးရှိပြီး၊ ခရီးစဉ် အဆင့်အတန်း သတ်မှတ်မှုလည်း အမျိုးမျိုး ရှိသဖြင့် အခမ်းအနား၊ သံတမန်ရေးရာ လုပ်ထုံးလုပ်နည်း၊ ကျင့်ထုံးတို့ နှင့် ပတ်သတ်ပြီး စီစဉ် ညှိနှိုင်းဆောင်ရွက်ပေးရသူတို့၏ အခန်းကဏ္ဍသည်လည်း အရေးပါလာပါသည်။

၁။              ပရိုတို‌ကော (Protocol) ဆိုသည်မှာ အဘယ်နည်း

                  (က)           Britannica Dictionary နှင့် Cambridge dictionary ၏ ဖွင့်ဆိုချက် 

အထက်ပါ အဘိဓာန် ၂ မျိုးတွင် ရှင်းလင်းဖေါ်ပြထားသည်မှာ Protocol တွင် မတူညီသော အဓိပ္ပါယ်များစွာရှိသည်။ ထိုအဓိပ္ပါယ် အားလုံးသည် လိုက်နာရမည့် လမ်းညွှန်ချက်များ (သို့မဟုတ်) လုပ်ထုံးလုပ်နည်းများ၏ အယူအဆများနှင့် ချိတ်ဆက်ထားသည်။

(၁) Protocol ၏ အသုံးအများဆုံးသော အဓိပ္ပါယ်မှာ “တရားဝင် အခြေအနေများတွင် လိုက်နာရမည့် မှန်ကန်သော အပြုအမူ နှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းပြသည့် စည်းမျဉ်းစနစ်တစ်ခု” ဖြစ်သည်။

(၂)     Protocol ကို “တရားဝင် အခမ်းအနားများ (ceremonies) နှင့် အခါသမယများ (occasions) တွင် အသုံးပြုသော စည်းမျဉ်းစနစ်နှင့် လက်ခံနိုင်သော အပြုအမူများ” (ဥပမာ- Diplomatic protocol)၊

(၃)    Protocol သည် “သိပ္ပံနည်းကျစမ်းသပ်မှုတစ်ခုအတွက် (သို့မဟုတ်) ဆေးကုသမှု အတွက် အစီအစဉ် တစ်ခု (ဥပမာ- an experimental protocol)”၊ 

(၄)    “တရားဝင် နိုင်ငံတကာသဘောတူညီချက် (သို့မဟုတ်) သီးခြားလုပ်ဆောင်မှု တစ်ခုနှင့် စပ်လျဉ်း၍ အစိုးရများအကြား တရားဝင်နိုင်ငံတကာ သဘောတူညီချက်” တနည်းအားဖြင့် “နိုင်ငံအချင်းချင်း သဘောတူ စာချုပ်များ၏ နောက်ဆက်တွဲ” (ဥပမာ – စစ်အတွင်း အဆိပ်ဓာတ်ငွေ့များ အသုံးပြုမှုကို တားမြစ်ထားသည့် ၁၉၂၅ ခုနှစ် ဂျီနီဗာ သဘောတူညီချက် (The Geneva Protocol of 1925)၊ ဖန်လုံအိမ်ဓာတ်ငွေ့ လျော့ချရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ဖြစ်သည့် ကျိုတိုသဘောတူညီချက် (Kyoto Protocol) ကဲ့သို့သော နိုင်ငံတကာ စာချုပ်များ)၊

(၅)    Internet protocol ကဲ့သို့သော ၎င်းတို့အချင်းချင်း ဆက်သွယ်နိုင်ရန်အတွက် ကွန်ပြူတာ ပရိုဂရမ်များတွင် အသုံးပြုထားသော စည်းမျဉ်းများ (ဥပမာ – Voice Over Internet Protocol – VOIP) – ဟူ၍ အဓိပ္ပါယ် အမျိုးမျိုး ရှိသည်။

                  (ခ) Dictionary of Diplomacy ၏ ဖွင့်ဆိုချက်

Dictionary of Diplomacy (စာ-၁၉၆) နှင့် 21st Century Diplomacy: A Practitioner’s Guide (စာ- ၂၂၉) စာအုပ်တွင် Protocol ကို အောက်ပါအတိုင်း ဖွင့်ဆိုထားသည် – 

“သံတမန်လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ” (Rules of diplomatic procedure) အထူးသဖြင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံများ နှင့် အခြားသော အဖွဲ့အစည်းများမှ တာဝန်ပေး စေလွှတ်ခံရသည့် ကိုယ်စားလှယ်များအပြင် ၎င်းတို့အတွင်းရှိ အရာရှိများ၏ အဆင့်အတန်းအမျိုးမျိုး၊ ၎င်းတို့၏ အသိအမှတ်ပြုထားသော အဆင့်အတန်းကို (၎င်းတို့အား) ခံစားခွင့် ရှိစေရန် တရားဝင်ဆက်ဆံမှု အားလုံးတွင် ပြုမူဆက်ဆံခြင်း နှင့်ကိုက်ညီအကျုံးဝင်စေရန် ထို သံတမန်ရေးရာ စည်းမျဉ်းများကို ရေးဆွဲထားသည်။ အများပြည်သူများ ပါဝင်သည့် အခါသမယများ (မင်းခမ်းမင်းနားများ) သည် အဆိုပါ စည်းမျဉ်းများအတွက် စမ်းသပ်မှု အများဆုံး အချိန်များ အဖြစ် အသွင်ဆောင်သည်။ 

ဤအကြောင်းကြောင့်လည်း နိုင်ငံတစ်နိုင်ငံ၏ သံတမန်ရေးရာဌာန အကြီးအကဲ (a state’s chief of protocol) ကို ၎င်းတို့၏ “နိုင်ငံတော် အခမ်းအနားနှင့် သံတမန်ရေးရာ အခမ်းအနားများကို စီစဉ်ကြီးကြပ်ရသူ” (သို့မဟုတ်) “မင်းခမ်းမင်းနားများ၏ အကြီးအကဲ” (master of ceremonies) အဖြစ် အတိတ်ကာလက တစ်ခါတစ်ရံတွင် လူသိများခဲ့သည်။

                  (ဂ) မြန်မာ အဘိဓာန်၏ ဖွင့်ဆိုချက်

မြန်မာစာအဖွဲ့၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင် protocol ကို “နိုင်ငံတော် အခမ်းအနားနှင့် သံခင်းတမန်းခင်းတွင် လိုက်နာစောင့်ထိန်းအပ်သော လုပ်ထုံးလုပ်နည်းနှင့် ကျင့်ဝတ်” ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ 

                  (ဃ)           နိုင်ငံခြားရေးဌာန၏ အသုံးအနှုန်း

နိုင်ငံအများစု၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ဖွဲ့စည်းပုံတွင် Protocol Department တစ်ခု ရှိပြီး၊ ၎င်းဌာနကို မြန်မာလို “သံတမန်ရေးရာ ဦးစီးဌာန” ဟု ဖေါ်ပြထားပါသည်။ 

ပရိုတိုကောတွင် “တန်းတူရည်တူ အလေးထား ပြုမူ ဆက်ဆံမှု” မျိုးရှိရမည် ဆိုသည့်အတွက် “ဆွေးနွေးဖက် အဆင့်တူ လူပုဂ္ဂိုလ်” သည် အရေးပါလာပါသည်။

၂။              ဆွေးနွေးဖက် အဆင့်တူ လူပုဂ္ဂိုလ် (Counterpart)

နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် အကြီးအကဲများ၏ အဆင့်အတန်းနှင့် ဆွေးနွေးဖက် (လုပ်ဖော်ကိုင်ဖက်) အဆင့်တူ ပုဂ္ဂိုလ် (counterpart) များ အချင်းချင်း တွေ့ဆုံဆွေးနွေးရပါသည်။ ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံ အကြီးအကဲ အချင်းချင်း၊ အစိုးရ အဖွဲ့ အကြီးအကဲ အချင်းချင်း၊ ဝန်ကြီးအဆင့်တွင် ဝန်ကြီး အချင်းချင်း ဆက်ဆံတွေ့ဆုံ ဆွေးနွေးရသဖြင့် ဆွေး‌နွေးဖက် အဆင့်တူ ပုဂ္ဂိုလ်သည် သံတမန်ကိစ္စရပ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ကျင့်ထုံးတွင် အရေးပါသည့် အချက် ဖြစ်လာသည်။ 

၃။              သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ သဘောတူညီချက်

၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင် (1961 Vienna Convention on Diplomatic Relations – VCDR) တွင် နိုင်ငံများက ထိန်းသိမ်းရန် တာဝန်ရှိသော အခြေခံမူများ ချမှတ်ထားပါသည်။ သို့သော် ထိုမူဘောင်အတွင်း၊ နိုင်ငံများသည် ၎င်းတို့၏ အခြေအနေများနှင့် လိုက်လျော ညီထွေရှိပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို လွတ်လပ်စွာ ဖန်တီးကြပါသည်။ 

၄။              နိုင်ငံရပ်ခြား အလည်အပတ် ခရီးများ (Visits abroad)

21st Century Diplomacy စာအုပ် (စာ – ၂၄၂) တွင် ဖေါ်ပြထားချက်အရ ရောက်ရှိခြင်းနှင့် ထွက်ခွာခြင်း နှင့်ပတ်သက်သော ခရီးစဉ်များသည် သံတမန်ရေးရာ ကိစ္စရပ်များ (protocol) နှင့် ပတ်သတ်ပြီး အဓိက စမ်းသပ်မှု တစ်ခုဖြစ်သည်။ နိုင်ငံတော် အကြီးအကဲများ နှင့် အစိုးရအကြီးအကဲများ ပါဝင်သော သံတမန်ရေးရာ ကိစ္စရပ်သည် အရေးအကြီးဆုံး ဖြစ်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီးများ၊ ပါလီမန် (လွှတ်တော်) ဥက္ကဋ္ဌ နှင့် အခြားဝန်ကြီးများ၏ အလည်အပတ် ခရီးစဉ်များနှင့်လည်း သက်ဆိုင်သည်။ နိုင်ငံရပ်ခြား ခရီးစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် အတန်းအစား ခွဲခြားပါက–

(၁)    နိုင်ငံတော် ခရီးစဉ်များ (state visits)၊ 

(၂)     တရားဝင် ခရီးစဉ်များ (official visits) နှင့် 

(၃)    အလုပ်သဘော ခရီးစဉ်များ (working visit) 

(၄)    တရားဝင် မဟုတ်သော  ခရီးစဉ်များ (informal visits) ဟု တွေ့ရပါမည်။

နိုင်ငံရပ်ခြားမှ နိုင်ငံအကြီးအကဲများ လာရောက်လည်ပတ်သည့် ခရီးစဉ်များသည် ထူးထူးခြားခြား အခမ်းအနား သဘောသဘာဝ (နိုင်ငံတော် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုသော သဘောသဘာဝ) (markedly ceremonial nature) အမြဲတမ်း မရှိပါ။ ထို့အပြင် ၎င်းတို့သည် တစ်ခါတစ်ရံတွင် “နိုင်ငံခေါင်းဆောင် (head of state)” တစ်ဦး အစား “အစိုးရအဖွဲ့ အကြီးအကဲ (head of government)” တစ်ဦး၏ ဧည့်သည် ဖြစ်သည်။  

ထိုအခါ အကျိုးဆက်အနေဖြင့် ဝေါဟာရအသုံးပြုမှုတွင် အနည်းငယ်သာ ရှေ့နောက်ညီညွတ်မှု ရှိသော်လည်း၊ ဤကဲ့သို့သော အလည်အပတ် ခရီးစဉ်များကို ဖေါ်ပြရန်အတွက် အခြားသော ဝေါဟာရများသည် ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။ 

၅။             အမေရိကန်က နိုင်ငံရပ်ခြားမှ ဧည့်သည်တော် ခရီးစဉ်များကို အဆင့်သတ်မှတ်ခြင်း

ဝါရှင်တန်တွင် နှစ်စဉ် ပျမ်းမျှအားဖြင့် နိုင်ငံ့အကြီးအကဲများ၊ သမ္မတများနှင့် ကမ္ဘာတစ်ဝှမ်းမှ မင်းမိဖုရားနှင့် မင်းမျိုးမင်းနွယ်များသည် အမေရိကန် သမ္မတနှင့် တွေ့ဆုံရန် အမေရိကန်သို့ လာရောက်သည့် ပျမ်းမျှ “နိုင်ငံတော် ခရီးစဉ် (State Visits)” (၆) ခု ရှိသည်။ အမေရိကန် သမ္မတသည် သတ်မှတ်ထားသော တစ်နှစ်အတွင်း နိုင်ငံအကြီးအကဲ ၆ ဦး ကျော်နှင့် အသေအချာ တွေ့ဆုံမည် ဖြစ်၏။ ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ၊ ထိုဧည့်သည်များ အားလုံးကို အဆင့်အမြင့်ဆုံး ခရီးစဉ် (နိုင်ငံတော် ခရီးစဉ်) တစ်ခု အဖြစ် ကမ်းလှမ်းတာ မဟုတ်ပါ။ အဲ့ဒီအစား သူတို့အားလုံးကို “တရားဝင် ခရီးစဉ်” (သို့မဟုတ်) “အလုပ်သဘော ခရီးစဉ်” (သို့မဟုတ်) “တရားဝင် အလုပ်သဘော ခရီးစဉ်” ဟု ခေါ်ဆိုပြီး သူတို့ကို ခွင့်ပြုပေးခြင်း ဖြစ်ပါတယ်။ နိုင်ငံခြား အစိုးရတစ်ခုမှ ဧည့်သည်တစ်ဦးအား မည်ကဲ့သို့ အကောင်းဆုံး ကြိုဆိုရမည်ကို ဆုံးဖြတ်သည့်အခါ သေသေချာချာ ပြုလုပ်ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရားဝင် လမ်းညွှန်းချက်များအရ၊ နိုင်ငံခြား အစိုးရ တစ်ခု၏ အဆင့်သတ်မှတ်ထားသော အဖွဲ့ဝင်တစ်ဦးကို ပေးအပ်ထားသည့် အလည်အပတ် ခရီးစဉ် (၅) မျိုး ရှိပါသည်။ ၎င်းတို့မှာ (၁) နိုင်ငံတော် ခရီးစဉ် (state visit)၊ (၂) တရားဝင် အလည်အပတ်ခရီးစဉ် (official visit)၊ (၃) တရားဝင် အလုပ်သဘော ခရီးစဉ် (official working visits)၊ (၄) အလုပ်သဘော ခရီးစဉ် (working visit) နှင့် (၅) ပုဂ္ဂိုလ်ရေး ခရီးစဉ် (သို့မဟုတ်) သီးခြားခရီးစဉ် (private visit) တို့ ဖြစ်ပါသည်။  

                  (က)           နိုင်ငံတော် ခရီးစဉ် (State visit)

“နိုင်ငံတော်ခရီးစဉ်” ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံမှ “နိုင်ငံအကြီးအကဲ တစ်ဦးသည် အခြားနိုင်ငံ တစ်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီးသွားရောက်ရာတွင် ထူးထူးခြားခြား အခမ်းအနား သဘောသဘာဝပါရှိသော (နိုင်ငံတော် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုသော) နိုင်ငံတော်အဆင့် အလည်အပတ် ခရီး” ဖြစ်သည်။ နိုင်ငံတော်ခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး၏ အဆင့်အမြင့်ဆုံး ဖြစ်ပြီး၊ အများအားဖြင့် နှစ်ရက်မှ သုံးရက်အထိ ကြာတတ်သည်။ ထိုခရီးစဉ်သည် သံတမန်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ဆက်ဆံရေးများ ခိုင်မာစေရန် ရည်ရွယ်ပါသည်။

ခရီးစဉ်၏ အရေးပါသော အထိမ်းအမှတ် (symbolic significance) ဖြစ်ခြင်း နှင့် မဖြစ်ခြင်း တို့သည် အများအားဖြင့် အရေးအကြီးဆုံး ဖြစ်သော်လည်း၊ သဘောတူညီချက် (သို့မဟုတ်) တရားဝင် သတင်းထုတ်ပြန်ချက် (ကြေညာချက်) (communiqué)  ထုတ်ပြန်ခြင်းဖြင့် ပြီးမြောက်သော နိုင်ငံ့ ခေါင်းဆောင်များ တက်ရောက်သည့် ထိပ်သီး အစည်းအဝေး (summit) နှင့်မတူ၊ နိုင်ငံတော် ခရီးစဉ်သည် အရေးကြီးသော ဆွေးနွေးမှုများ အတွက် အကျုံးဝင်အောင် ပံ့ပိုးပေးနိုင်သည်။

နိုင်ငံအကြီးအကဲနှင့်အတူ အနည်းဆုံး အစိုးရအဖွဲ့ဝင်ဝန်ကြီး တစ်ဦး (a “minister-in-attendance”) (တစ်ခါတစ်ရံ ဝန်ကြီး အများအပြား) လိုက်ပါသွားခြင်းမှာ ပုံမှန်ဖြစ်သည်။ “Minister-in-attendance” ဆိုသည်မှာ နိုင်ငံတော် ခရီးစဉ်တစ်ခုတွင် နိုင်ငံတော် အကြီးအကဲ တစ်ဦး နှင့်အတူ ပါရှိသော ဝန်ကြီး  (တနည်းအားဖြင့် အပါတော်မြဲ ဝန်ကြီး) ဟု လူသိများပါသည်။ 

လမ်းညွှန်ချက်များအရ နိုင်ငံတော်ခရီးစဉ်သည် အဆင့်အမြင့်ဆုံး ခရီးစဉ် ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၏ သမ္မတ(သို့မဟုတ်) ဗြိတိန် ဘုရင်မကြီး နှင့်တူသော စိုးစံသော ဧကရာဇ် ကဲ့သို့ နိုင်ငံတော်အကြီးအကဲ (chief of state) တစ်ဦး ကိုသာ ကမ်းလှမ်းနိုင်ပြီး၊ အမေရိကန် သမ္မတ၏ ဖိတ်ကြားချက်အရ ဖြစ်ရပါမယ် ဟု ပြောဆိုထားပါတယ်။ နိုင်ငံတော်ခရီးစဥ် အတွင်း၊ ဧည့်သည်ကို အိမ်ဖြူတော်နှင့် လမ်းလျှောက်အကွာအဝေးတွင်ရှိသည့် သမ္မတ၏ တရားဝင် ဧည့်ဂေဟာ (Blair House) တွင် ၃ ညအိပ်၊ ၄ ရက် အတွက် အခန်းတစ်ခန်းကို ပေးထားတယ်။ 

နိုင်ငံတော် ခရီးစဉ်သည် အမေရိကန် သမ္မတနှင့် တွေ့ဆုံခြင်း၊ အိမ်ဖြူတော်တွင် “နိုင်ငံတော် ညစာစားပွဲ (state dinner)”၊ အိမ်ဖြူတော် တောင်ဖက် ကွင်းပြင်တွင် ဆိုက်ရောက်ခြင်းနှင့် ထွက်ခွာခြင်း အခမ်းအနားနှင့် ဧည့်သည်တော် နိုင်ငံတော် အကြီးအကဲအား ဂုဏ်ပြုကြိုဆိုသော အားဖြင့် “အမြောက် (၂၁) ချက် ပစ်ဖေါက်၍ ဂုဏ်ပြု အလေးပြုခြင်း” အခမ်းအနားများ အကျုံးဝင်ပါသည်။ အမှတ်တရ လက်ဆောင်ပစ္စည်းများ လဲလှယ်နိုင်ပြီး၊ အိမ်ထောင်ဖက်များ (spouses) သည် အခမ်းအနားနှင့် ညစာစားပွဲသို့ တက်ရောက်နိုင်သည်။ သတင်း မီဒီယာများ တက်ရောက် သတင်းယူခွင့်ရှိပြီး၊ မှတ်တမ်း ဓာတ်ပုံရိုက်ခွင့် အများအပြား ရှိပါသည်။

                  (ခ) တရားဝင် ခရီးစဉ် (official visit)

နောက်ထပ် အဆင့်အမြင့်ဆုံးခရီးစဉ်မှာ “တရားဝင်အလည်အပတ်ခရီးစဉ်” ဖြစ်သည်။ ဝန်ကြီးချုပ် ကဲ့သို့သော “အစိုးရအဖွဲ့ အကြီးအကဲ (head of government)” တစ်ဦးကိုသာ ဤတရားဝင် အလည်အပတ်ခရီးစဉ် လာရောက်ရန်ကို ကမ်းလှမ်းနိုင်ပြီး၊ အမေရိကန် သမ္မတ၏ ဖိတ်ကြားမှု အရ ဖြစ်ရမည်။ 

ဧည့်သည်တော်ကို သမ္မတ၏ဧည့်ဂေဟာ (Blair House) တွင် ၃ ညအိပ်၊ ၄ ရက် အတွက် နေထိုင်ခွင့် ပေးထားပါတယ်။ တရားဝင်ခရီးစဉ် အတွင်း၊ အစိုးရအဖွဲ့ အကြီးအကဲသည် အမေရိကန် သမ္မတနှင့် တွေ့ဆုံခွင့်၊ အိမ်ဖြူတော် တောင်ဖက် ကွင်းပြင်တွင် ဆိုက်ရောက်ခြင်းနှင့် ထွက်ခွာခြင်း အခမ်းအနားနှင့်  “အမြောက် (၁၉) ချက် ပစ်ဖေါက်၍ ဂုဏ်ပြု အလေးပြုခြင်း”  နှင့် အိမ်ဖြူတော်တွင် “တရားဝင် ညစာစားပွဲ (official dinner)” ကျင်းပခြင်း အခမ်းအနားများ ပါဝင်ပါတယ်။ အမှတ်တရ လက်ဆောင်ပစ္စည်းများ လဲလှယ်နိုင်ပြီး၊ အိမ်ထောင်ဖက်များသည် အခမ်းအနားနှင့် ညစာစားပွဲသို့ တက်ရောက်နိုင်ပါတယ်။ 

လက်တွေ့တွင် ဧည့်သည်တော်၏ ရာထူးအဆင့်အတန်း မှလွဲ၍ “နိုင်ငံတော် ခရီးစဉ်” နှင့် “တရားဝင် အလည်အပတ် ခရီးစဉ်” အကြား ကွာခြားချက် အနည်းငယ်သာ ရှိပါတယ်။ လက်ခံတွေ့ဆုံသည့် ဧည့်သည်တော်ကို ဂုဏ်ပြု ကြိုဆိုရာတွင် အလေးပြုပြီး အမြောက်ပစ်ဖေါက်သော အကြိမ် အရေအတွက် နှင့် အိမ်ဖြူတော် ညစာစားပွဲအကြောင်း ဖေါ်ပြချက် ကွာခြားမှု ဖြစ်ပါတယ်။ “နိုင်ငံတော် ခရီးစဉ်တွင် နိုင်ငံတော် ညစာစားပွဲ (state dinner)” ဟူ၍ လည်းကောင်း၊ “တရားဝင်ခရီးစဉ်တွင် တရားဝင် ညစာစားပွဲ (official dinner)” ဟူ၍ လည်းကောင်း သတင်း ဖေါ်ပြချက် ကွာခြားခြင်း ဖြစ်ပါတယ်။

သို့ရာတွင် နိုင်ငံတော်နှင့် တရားဝင် အလည်အပတ်ခရီးစဉ် (state and official visit) နှင့် တရားဝင် အလုပ်သဘော ခရီးစဉ် (official working visit) (သို့မဟုတ်) အလုပ်သဘော ခရီးစဉ် (working visit) တို့အကြား ကြီးမားသော ကွာခြားချက် တစ်ခု ရှိသည်။

                  (ဂ) တရားဝင် အလုပ်သဘော ခရီးစဉ် (official working visit)

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအရ ပြောဆိုသည်မှာ “တရားဝင် အလုပ်သဘော ခရီးစဉ် (official working visit)” လာရောက်ရန် နိုင်ငံအကြီးအကဲ တစ်ဦး (သို့မဟုတ်) အစိုးရအဖွဲ့ အကြီးအကဲ တစ်ဦး ထံ ကမ်းလှမ်းနိုင်သည်။ ဒါပေမဲ့ ထိုကမ်းလှမ်းမှုသည် အမေရိကန် သမ္မတ ကိုယ်တိုင် ထံက ကမ်းလှမ်းခြင်း ဖြစ်ရမည် ဟု ပြောဆိုပါတယ်။

ထို့နောက် သမ္မတ၏ဧည့်ဂေဟာ (Blair House) ကို နှစ်ညအိပ်၊ ၃ ရက် တည်းခိုးခွင့် ပေးထားပြီး၊ ဧည့်သည်သည် သမ္မတနှင့် တွေ့ဆုံခွင့် ရှိပြီး၊ အိမ်ဖြူတော်တွင် “အလုပ်သဘော နေ့လည်စာ စားပွဲ (working luncheon)” ဖြင့် ဧည့်ခံမည်ဖြစ်သည်။ ညစာစားပွဲ (သို့မဟုတ်) ဧည့်ခံပွဲတစ်ခု ဖြစ်နိုင်သော်လည်း၊ ဆုံးဖြတ်ချက်များသည် ကိစ္စရပ် တစ်ခုချင်းစီ အပေါ် အခြေခံ၍သာ  ဆုံးဖြတ်မည် ဖြစ်ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် အလုပ်သဘော နေ့လည်စာ စားပွဲတွင် ပါဝင်သူ ဖြစ်သောကြောင့် သီးခြား တွေ့ဆုံရန် အစီအစဉ် မရှိတော့ပါ။ ဆိုက်ရောက်ခြင်းနှင့် ထွက်ခွာခြင်း အပေါ် အခမ်းအနား မရှိပါ။ သတင်း မီဒီယာများကို ဓာတ်ပုံရိုက်ခွင့် အချို့ ခွင့်ပြုပေးလေ့ရှိပြီး၊ ရံဖန်ရံခါ သတင်းစာ ရှင်းလင်းပွဲ ရှိပါတယ်။ အမှတ်တရ လက်ဆောင်လဲလှယ်ခြင်း မရှိသဖြင့် အိမ်ထောင်ဖက်များသည် နေ့လည်စာ စားပွဲသို့ မတက်ရောက်ကြပါ။

                  (ဃ)           အလုပ်သဘော ခရီးစဉ် (Working visit)

အမေရိကန် သမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံ‌ အကြီးအကဲ (chief of state) (သို့မဟုတ်) အစိုးရ အဖွဲ့ အကြီးအကဲ (head of government) တစ်ဦး ထံသို့ အလုပ်သဘော ခရီးစဉ် (Working visit) လာရောက်ရန် ကမ်းလှမ်းခြင်း ဖြစ်သည်။ အလုပ်‌သဘော ခရီးစဉ်သည် ပုံမှန်အားဖြင့် အိမ်ဖြူတော်တွင် သမ္မတနှင့် အစည်းအဝေး ကျင်းပနိုင်သော်လည်း၊ နေ့လည်စာ စားပွဲ၊ ညစာ စားပွဲ (သို့မဟုတ်) တရားဝင် သတင်းစာရှင်းလင်းပွဲ မပါရှိပါ။ အမှတ်တရ လက်ဆောင်လဲလှယ်ခြင်း မရှိသဖြင့် အိမ်ထောင်ဖက်များသည် နေ့လည်စာ စားပွဲသို့ မတက်ရောက်ကြပါ။ 

                  (င) ပုဂ္ဂလိက (သို့မဟုတ်) သီးသန့် ခရီးစဉ် (Private visit)

ပုဂ္ဂလိက ခရီးစဉ်တွင် အမေရိကန်သမ္မတ၏ ဖိတ်ကြားချက်အရ မဟုတ်ဘဲ အမေရိကန်တွင် ရောက်ရှိနေသည့် နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲ၊ နိုင်ငံခြားရေး ဝန်ကြီး (သို့မဟုတ်) အခြား အစိုးရ အရာရှိ တစ်ဦးဦး ပါဝင်ပါတယ်။ 

ဧည့်သည်သည် အမေရိကန် သမ္မတနှင့် တွေ့ဆုံခွင့် တောင်းဆိုနိုင်ပြီး၊ ခွင့်ပြုပါက ၎င်းတွေ့ဆုံမှုကို “အလုပ်သဘော တွေ့ဆုံ‌ဆွေးနွေးပွဲ (အစည်းအဝေး) (working session)” တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်းပါတယ်။ Blair House ဧည့်ဂေဟာကို တည်းခိုခွင့် ပေးထားခြင်း မရှိသလို၊ အိမ်ထောင်ဖက်များက တွေ့ဆုံပွဲကို မတက်ရောက်ပါ။ လက်ဆောင်လဲလှယ်ခြင်း မရှိပါ။ ဓာတ်ပုံရိုက်ခွင့် ရှိနိုင်သော်လည်း၊ တရားဝင် သတင်း မီဒီယာ တက်ရောက် သတင်းယူခွင့် မရှိပါ။ 

၆။             ခေါင်းဆောင် ခရီးစဉ်များ အကြား ခြားနားချက်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန ဒါရိုက်တာ (Director of Protocol) Mel French က အိမ်ဖြူတော်သည် နိုင်ငံခြား ဧည့်သည်များ၏ အလည်အပတ် ခရီးစဉ်ကို အဘယ်ကြောင့် အဆင့်အတန်း သတ်မှတ်ရသလဲ ဆိုတာနဲ့ ပတ်သတ်ပြီး လက်တွေ့ကျသော အကြောင်းပြချက် တစ်ခုရှိသည်ဟု ပြောကြားပါတယ်။

“ခရီးစဉ်တွေကို အဆင့်သတ်မှတ်ခြင်းဟာ (အမေရိကန်) သမ္မတက ဒီနိုင်ငံကို တစ်စုံတစ်‌ဦးကို ဖိတ်ခေါ်သည့်အခါ သူ (သမ္မတ) လုပ်ချင်တဲ့အရာ အဆင့်တစ်ခုကို ပေးပါတယ်” ဟု သူမက ပြောကြားခဲ့တယ်။ မကြာခဏဆိုသလို သူတို့ဟာ ပြဿနာများ (သို့မဟုတ်) ဆွေးနွေးပြောဆိုရန် လိုအပ်သော အရာများကြောင့် ထိုင်ပြီး အလုပ်လုပ်နိုင်တဲ့ “တရားဝင် အလုပ်သဘော ခရီးစဉ် (official working visit)” တစ်ခု အမှန်တကယ် လိုအပ်တယ်။ တရားဝင် အလုပ်သဘော ခရီးစဉ် သည် အမှန်တကယ် အနှစ်သာရ ရှိသော ခရီးစဉ် နှင့် မူဝါဒ တစ်ခု ဖြစ်ပါတယ်။ 

နိုင်ငံတော် ခရီးစဉ် (state visit) နှင့် တရားဝင် အလည်အပတ် ခရီးစဉ် (official visit) တို့ဟာ ကျွန်ုပ်တို့က နိုင်ငံတစ်နိုင်ငံကို ဂုဏ်ပြုနေတဲ့ အခမ်းအနားလုပ်ထုံးလုပ်နည်း အမျိုးအစား (ceremonial type) တစ်ခုဖြစ်တယ် ဆိုတာ ပိုမိုမှန်ကန်ပါတယ်။ 

၇။             ဧည့်သည်၏ ခရီးစဉ် အဆင့်အတန်း အမျိုးအစား သတ်မှတ်သည့် အဖွဲ့

နိုင်ငံတော်ခရီးစဉ်များဟာ ကန့်သတ်ချက်များ ရှိတယ်လို့ Mel French က ထပ်လောင်းပြောကြား ပါတယ်။ “နိုင်ငံတစ်နိုင်ငံသည် (အမေရိကန်) သမ္မတ၏ (၄) နှစ် သက်တမ်းကာလ တစ်ခုအတွင်း နိုင်ငံတော်ခရီးစဉ် (state visit) တစ်ကြီမ်သာ ဆောင်ရွက်နိုင်သည်” ဟု သူမက ပြောကြားခဲ့ ပါတယ်။ “ဧည့်သည်တစ်ဦးချင်းစီနှင့် ကိုက်ညီမည့် အဆင့်အတန်း အမျိုးအစား သတ်မှတ်ချက်ကို ဆုံးဖြတ်ရာတွင် အမျိုးသား လုံခြုံရေးကောင်စီ (National Security Council) နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လုပ်ဆောင်ပါတယ်” လို့ French က ပြောကြားခဲ့ပါတယ်။ “ပြည်ပနိုင်ငံမှ နိုင်ငံ့အကြီးအကဲများကို သမ္မတ၏ဧည့်ဂေဟာ (Blair House) အစား အိမ်ဖြူတော်တွင် တည်ခိုရန် ဖိတ်ကြားခဲ့ဘူးသလား” လို့ မေးသည့်အခါ၊ “တစ်ခါတစ်ရံ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ပုံမှန်မဟုတ်သော (သို့မဟုတ်) အရေးကြီးသော အခြေအနေများတွင်သာ ဖြစ်နိုင်သည်” ဟု Mel French က ပြောဆိုခဲ့ပါတယ်။ 

၈။             အခြားသော ဝေါဟာရ ပြောင်းလဲ အသုံးပြုမှုများ

G. R. Berridge, and Alan James, A Dictionary of Diplomacy, 1st edn ( Palgrave, Basingstoke, 2001), (p.227) စာအုပ်တွင်ဖေါ်ပြထားချက်အရ “တရားဝင် ခရီးစဉ်” (Official visit) ဟူသော ဝေါဟာရမှာ အောက်ပါ လက္ခဏာရပ် တစ်ခု (သို့မဟုတ်) နှစ်ခုလုံးနှင့် အကျုံးဝင်သော ခရီးစဉ်မျိုးကို ဆိုလိုသည် – (၁) အခမ်းအနား လုံးဝမပါရှိသောနိုင်ငံတော် အကြီးအကဲ နှစ်ဦးကြား အစည်းအဝေး  (တစ်ခါတစ်ရံတွင် “အလုပ်သဘော ခရီးစဉ်” (working visit) တစ်ခု ဟုလည်း လူသိများသည်။) (၂) “နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ” (bilateral summit) ဟုလည်းပဲ ခေါ်နိုင်ချင်ခေါ်နိုင်သည့် တိုင်အောင် တစ်ခါတစ်ရံတွင် ယင်းသို့ ရည်ညွှန်းကြသည်။ 

နိုင်ငံခေါင်းဆောင်များ၏ ပြည်ပအလည်အပတ်ခရီးများနှင့် ပတ်‌သတ်သည့် အခြားသော ဝေါဟာရ အသုံးပြုမှုများလည်း ရှိပါသည်။ 

(က) တရားဝင် မဟုတ်သော ခရီးစဉ်များ (Informal visits) 

21st Century Diplomacy: A Practitioner’s Guide by Kishan S. Rana, (2011), Key Studies in Diplomacy (p.243) တွင် ဖေါ်ပြထားချက်အရ နောက်ထပ် ခရီးစဉ်တစ်ခုကတော့ တရားဝင် မဟုတ်သော ခရီးစဉ်များ (informal visits) ဖြစ်ပြီး၊ ရာထူး ဌာနန္တရ ကြီးမြင့်သူ တစ်ဦးက ခရီးစဉ် အကူးအပြောင်းတွင် (in transit) နာရီအနည်းငယ်ကြာအောင် အသုံးပြုသည့် နေရာ၊ တစ်ထောက်နား အလည်အပတ်ခရီးစဉ်များ (stopover visits) ပါဝင်နိုင်သော ခရီးစဉ်ကို ဆိုလိုသည်။ 

(ခ) အလွတ်သဘော ခရီးစဉ် (Unofficial visit) နှင့် ပုဂ္ဂိုလ်ရေး ခရီးစဉ် (Private visit)

G. R. Berridge, and Alan James, A Dictionary of Diplomacy, 1st edn (Palgrave, Basingstoke, 2001), (p.227) တွင် ဖေါ်ပြထားချက်အရ “နိုင်ငံ အကြီးအကဲ တစ်ဦးသည် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များ (personal reasons) သက်သက် အတွက် အခြားနိုင်ငံ တစ်နိုင်ငံသို့ အလည်အပတ်သွားသည့်အခါ” (ဥပမာ – မိမိနိုင်ငံတွင် မရရှိနိုင်သော ဆေးဝါး စောင့်ရှောက် ကုသမှု ခံယူရန် အတွက် ခရီးသွားခြင်း) ၎င်းကို “private visit” or “unofficial visit” အဖြစ် လူသိများသည်။

အလွတ်သဘော ခရီးစဉ် (Unofficial visit) တွင် လူသိရှင်ကြား အခမ်းအနားများကို အနည်းဆုံးသို့ လျော့ချထားသော်လည် အိမ်ရှင်သည် အစီအစဉ် များစွာကို တာဝန်ရှိနေဆဲ ဖြစ်သည်။ 

ပုဂ္ဂိုလ်ရေး ခရီးစဉ် (Private visit) တွင် အခမ်းအနားများ မရှိသည့် အပြင် လုပ်ရိုးလုပ်စဉ် အခမ်းအနားများကို အနည်းဆုံးသို့ လျော့ချထားသည်။ ဤ ခရီးစဉ် အတွက် အစီအစဉ်များသည် အခြေခံအားဖြင့် ဧည့်သည်၏ တာဝန်ဖြစ်သည်။ ဒါပေမဲ့ သူ၏ အစီအစဉ်ကို အိမ်ရှင်အစိုးရထံမှ သဘောတူညီကြောင်း သေချာစေရမည် ဖြစ်သည်။

၉။             ဒေသတွင်း (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေး

ခရီးစဉ်သည် ဒေသတွင်း (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေး (regional or global summit) အတွက် ဖြစ်လျှင် ပြင်ဆင်မှုသည် ခရီးစဉ်၏ အဓိကအကြောင်းအရာ ဖြစ်သော ညီလာခံကို ဗဟိုပြု၍ လုပ်ငန်းအတိမ်အနက် အတိုင်းအတာ အမျိုးမျိုးပေါ်မူတည်ပြီး လိုက်နာဆောင်ရွက်ရသည်။ “အိမ်ရှင် အစိုးရ (host agency)” အပေါ်တွင် မေတ္တာရပ်ခံချက်များ  အမြောက်အမြား များပြားနေပါသည်။ ထိုကဲ့သို့သော ဖြစ်ရပ်များသည် သီးခြားလုပ်ငန်း အဖွဲ့တစ်ခုဖြင့် စီစဉ်ရန် တစ်နှစ် ကြာနိုင်သည်။ 

ဂုဏ်သရေရှိ ဧည့်သည်တော်သည် နယူယောက်၊ သို့မဟုတ် ဘရပ်ဆဲလ်၊ သို့မဟုတ် ဂျီနီဗာ တွင် နိုင်ငံတကာ ညီလာခံတစ်ခု ကို တက်ရောက်မည် ဆိုပါက၊ အခမ်းအနား ကျင်းပသည့် နိုင်ငံသည် သံတမန်ရေးကိစ္စ၊ လုံခြုံရေး နှင့် အလားတူ (ထပ်တူထပ်မျှတူသည့်) အရေးပါသည့် ကိစ္စရပ်များ ၏ အခြေခံ အတွက် တာဝန်ရှိသော်လည်း၊ ထိုအခါတွင် အိမ်ရှင် တာဝန်ဟူ၍ မရှိနိုင်‌တော့ပါ။

ထိုကဲ့သို့သော ဖြစ်ရပ်များတွင် (နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အတွက် အိမ်ရှင်နိုင်ငံ၏ တာဝန်ဖြစ်သော) ဟိုတယ်နှင့် သယ်ယူပို့ဆောင်ရေး စီစဉ်ခြင်းများ နှင့် ထောက်ပံ့ပို့ဆောင်ရေး စီမံမှုများ အားလုံးကို  ပြုလုပ်ခြင်း၊   ရှုပ်ထွေးသော “အိမ်ရှင် အစိုးရဌာန (host agency)” အခန်းကဏ္ဍကို တာဝန်ယူထားရသည့် ဧည့်သည်၏ ကိုယ်ပိုင်တာဝန် ဖြစ်ပါသည်။ (ကျန် ကိစ္စအဝဝကို အစည်းအဝေး တက်ရောက်သူမှသာ မိမိ အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်ရမည် ဖြစ်သည်။)

အောင်မြင်သော ခရီးစဥ်သည် နှစ်နိုင်ငံဆက်ဆံရေး (သို့မဟုတ်) တက်ရောက်ခဲ့သည့် ညီလာခံပွဲကို တန်ဖိုး တက်စေပြီး၊ နှစ်ပေါင်းများစွာ ခိုင်မြဲသော အမှတ်လက္ခဏာကို ချန်ထားခဲ့သည်။ ကျွမ်းကျင်သူအများအပြားက မှတ်မိနိုင်သကဲ့သို့၊ ကြီးမားသော သတိလစ်ဟင်းမှုတိုင်း သည် ရေရှည် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။

(အပိုင်း (၂) တွင် ဆက်လက်ဖေါ်ပြပါမည်)

နိုင်ငံရပ်ခြား နိုင်ငံအကြီးအကဲများ၏ ခရီးစဉ်များကို မည်ကဲ့သို့ အဆင့် သတ်မှတ်သနည်း (အပိုင်း-၂)

၁၀။           မြန်မာနိုင်ငံခေါင်းဆောင်များ အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အဆင့်အတန်း သတ်မှတ်မှု

လွတ်လပ်ရေး ရပြီးသည့် အချိန်မှ ယနေ့အချိန်အထိ မြန်မာနိုင်ငံမှ နိုင်ငံခေါင်းဆောင် (၄) ဦးသည် အမေရိကန်နိုင်ငံသို့ အလည်အပတ် ခရီးစဉ် (၄) မျိုးဖြင့် သွားရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ 

(က)  ဝန်ကြီးချုပ် ဦးနုသည် ၁၉၅၅ ခုနှစ် ဇွန်လ ၂၄ ရက်မှ ဇူလိုင် ၁၆ ရက်နေ့ အထိ နှစ်ပါတ်ကျော်ကြာ တရားဝင် အလည်အပတ်ခရီးစဉ် (Official visit) သွားရောက်ခဲ့ပြီး၊ သမ္မတ အိုက်စင်ဟောင်ဝါ (Dwight Eisenhower) နှင့်လည်း တွေ့ဆုံခဲ့သည်။

(ခ)    သမ္မတ ဦးဝင်းမောင်သည် ၁၉၅၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၈ ရက်နေ့ အထိ  ပုဂ္ဂလိက ခရီးစဉ် (Private visit) အဖြစ် ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့ပြီး (၂၃-၁၂-၁၉၅၇) နေ့တွင် အမေရိကန် သမ္မတ အိုင်စင်ဟောင်ဝါ နှင့် တွေ့ဆုံခဲ့သည်။

(ဂ)    မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းသည် ၁၉၆၆ ခုနှစ် စက်တင်ဘာလ ၈ ရက်မှ  ၁၀ ရက်နေ့အထိ နိုင်ငံတော် ခရီးစဉ် (State visit) သွားရောက်ခဲ့ပြီး၊ New York City, Williamsburg, California, and Hawaii သို့ သွားရောက် လည်ပတ်ခဲ့သည်။

(ဃ)  သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် မေလ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ အလုပ်သဘော ခရီးစဉ် (Working visit) သွားရောက်ခဲ့သည်။

၁၁။           မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ လာရောက်ခဲ့သည့် ခရီးစဉ် အဆင့်အတန်း သတ်မှတ်မှု

(က)  သမ္မတ ဘာရက် အိုဘားမား (Barack Obama) သည် ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပမည့် U.S.–ASEAN ထိပ်သီးအစည်းအဝေး မတက်ရောက်မီ (၁၉ နိုဝင်ဘာ ၂၀၁၂) ရက်နေ့က  ပုဂ္ဂလိက ခရီးစဉ် (Private visit)အနေဖြင့် ရန်ကုန်မြို့သို့ နေ့ချင်းပြန် လာရောက်ခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန်၊ NLD ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ့ လူမှု့ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခဲ့သည်။ (ထိုစဉ်က သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီယားနိုင်ငံတွင် အာဆီယံ အစည်းအဝေး တက်ရောက်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လာကာ အမေရိကန် သမ္မတ နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။)

(ခ)    သမ္မတ Barack Obama သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပသော အမေရိကန်-အာဆီယံ နှစ်ပတ်လည် အစည်းအဝေး (U.S.–ASEAN Summit Meeting) ကို တက်ရောက်ရန် Working visit အဖြစ် နေပြည်တော် နှင့် ရန်ကုန်သို့ ‌ရောက်ရှိခဲ့သည်။

၁၂။            နောက်ဆုံး အတွေးများ

သံတမန်ရေးရာ (Protocol) သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်ပြီး၊ ၎င်း၏ ထင်သာမြင်သာသော လုပ်ဆောင်ချက်များထဲက တစ်ခုဖြစ်၏။ သေးငယ်သော နိုင်ငံခြားရေး ဝန်ကြီးဌာနများတွင် တစ်ခါတစ်ရံ ၎င်းသည် ရသင့်၊ ရထိုက်သည်ထက် ပိုမို အရေးကြီးမှု ဟု မှတ်ယူကြပြီး၊ ၎င်းကို  နိုင်ငံခြားရေး ဝန်ကြီးဌာန ပင်မ တာဝန်အဖြစ် သဘောထားရန် အခြား အစိုးရဝန်ကြီး ဌာနများကို ၎င်းက ဦးဆောင်နိုင်သည်။ ထိုအချက်က နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အခြားသော လုပ်ငန်းဆောင်တာများ၏ တန်ဖိုးကို လျော့ကျသွားစေပါသည်။ ဤအရာသည် အချို့နေရာများတွင် သိသာမြင်သာသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။

သံတမန်ရေးရာ  တာဝန်များကို ခန့်အပ်ခြင်းခံရသည့် အရာရှိများ၊ အထူးသဖြင့် သံတမန်ရေးရာ အကြီးအကဲ (chief of protocol) သည် နိုင်ငံ၏ ခေါင်းဆောင်များ နှင့် ဝန်ကြီးများနှင့် နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်ကြရပြီး၊ စွမ်းဆောင်မှု မြင့်မားသည့် အရည်အချင်း (high quality performance) သည်  မရှိမဖြစ် လိုအပ်သည်။ အမှားအယွင်းများက မြင်နိုင်လွယ်ပြီး၊ အတိမ်းအစောင်း မခံပါ။ သံတမန်များ အားလုံးသည် သံတမန်ရေးရာ လုပ်ထုံးလုပ်နည်း၏ အရေးပါမှုများ နှင့် အသေးစိတ် စီမံခန့်ခွဲမှု အတတ်ပညာကို လေ့လာရန် လိုအပ်ပါသည်။ 

အနောက်နိုင်ငံများနှင့် အခြားနိုင်ငံအချို့သည် လေဆိပ်များတွင် ပြုလုပ်မည့် အသေးစိတ် ပြင်ဆင်ထားသော ဆိုက်ရောက် ကြိုဆိုခြင်း အခမ်းအနားများကို ဖျက်သိမ်းခဲ့ပြီး၊ အလွန်အရေးကြီးပြီး ထိရောက်သော အစီအစဉ် (substantive program) မစတင်မီလေးတွင် သမ္မတအိမ်တော် (သို့မဟုတ်) အခြားအချက်အခြာကျသော နေရာ အချို့တွင် ဂုဏ်ပြုတပ်ဖွဲ့များ၏ အလေးပြုခြင်း နှင့် နိုင်ငံတော် သီချင်းများ တီးမှုတ်ကာ ကြိုဆိုခြင်းဖြင့် အစားထိုးခဲ့ကြသည်။ အလားတူ ထွက်ခွာခြင်း အခမ်းအနားများကိုလည်း လျှော့ချခြင်း (သို့မဟုတ်) ရုတ်သိမ်းခြင်း ပြုလုပ်ခဲ့ကြသည်။ 

အနောက်နိုင်ငံအများစုတွင် အိမ်ရှင် နိုင်ငံခေါင်းဆောင်များသည် (ဧည့်သည်) ဆွေးနွေးဖက် အဆင့်တူ ပုဂ္ဂိုလ်များ (counterparts) ကို ကြိုဆိုနှုတ်ဆက်ရန် လေဆိပ်တွင် ပေါ်မလာကြတော့ပါ။ ခြားနားတာက ဤအရာသည် အာဖရိကတိုက် အများစုတွင် ဓလေ့ထုံးစံတစ်ခု အဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တိုတောင်းသော တရားဝင်မဟုတ်သော အလည်အပတ် ခရီးစဉ်များ သည် အာဖရိက နှင့် အာရပ် ကမ္ဘာတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေပါသည်။ 

ခြုံငုံကြည့်လျှင် ကျွန်ုပ်တို့သည် အခမ်းအနားများ ပိုမို နည်းပါးစေရန် နှင့် အလွန်အရေးကြီးပြီး ထိရောက်သော အစီအစဉ်များတွင် ပိုမို အာရုံစိုက်နိုင်စေရန် အတွက် တိုးတက်တီထွင်သော ပြောင်းလဲမှုကို တွေ့မြင်ရရန် ဖြစ်နိုင်ခြေ ရှိသည်။ ဒါပေမဲ့ သံတမန်ရေးရာ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ် (diplomatic protocol) ၏ အဓိက စနစ်သည် အခြေခံမူ အဖြစ် ကျန်ရှိပြီး၊ နိုင်ငံအချင်းချင်း ဆက်ဆံသော နည်းလမ်းကို ထိန်းမတ်ပေးထားကြောင်း တွေ့ရှိရပေသည်။  

၁၃။           နိဂုံး

နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲ၊ ဝန်ကြီးများ၊ စစ်ဖက်ဆိုင်ရာ အကြီးအကဲများ၏   နိုင်ငံရပ်ခြား ခရီးစဉ်များ အတွက် စီစဉ်မှုများသည် ဖိတ်ကြားခြင်း (မည်သူက လာရောက် လည်ပတ်ရန် ဖိတ်ကြားသနည်း) မှ အစပြု၍ ဂုဏ်သရေရှိ ဧည့်သည်၏ အဆင့်အတန်း (status) နှင့် ခရီးစဉ်၏ ဝိသေသ လက္ခဏာ (character) အရ ကွဲပြားပါသည်။ အစီအစဉ်၊ ပရိုတိုကော နှင့် လက်တွေ့ကျသော အစီအစဉ်များသည် ခရီးစဉ်၏ အမျိုးအစား ပေါ်တွင် မူတည်ပါသည်။

ဆိုက်ရောက်သည်မှ ပြန်လည်ထွက်ခွာသည့် အထိ ခရီးစဉ် တလျောက်လုံးတွင်  ကြိုဆို ဧည့်ခံ နေရာချထားမှု၊ ဆွေးနွေးဖက် (လုပ်ဖေါ်ကိုင်ဖက်) အဆင့်တူ ပုဂ္ဂိုလ်များ (counterpart) နှင့် တွေ့ဆုံဆွေးနွေးမှု၊ သဘောတူညီချက် (သို့မဟုတ်) တရားဝင် သတင်းထုတ်ပြန်ချက် (ကြေညာချက်) (communiqué) နှင့် လည်ပတ် လေ့လာမှုများကို ကြည့်ရှု့ခြင်းဖြင့် ထိုခရီးစဉ်သည် မည်သည့် ရည်ရွယ်ချက်၊ မည်သည့် အဆင့်အတန်း၊ မည်မျှ အရေးကြီးသည့် ခရီးစဉ် ဖြစ်သည်ကို နိုင်ငံရေး လေ့လာသုံးသပ်သူတို့က လက်တွေ့ကျကျ ခွဲခြား ဆန်းစစ် သုံးသပ်နိုင်ကြပါသည်။

ပကတိ အခြေအနေနှင့် စပ်လျဉ်းပြီး ခရီးစဉ်၏ အဆင့်အတန်းနှင့် diplomatic protocol အရ ဓမ္မဓိဋ္ဌာန်ကျကျ ခွဲခြား ဆန်းစစ် သုံးသပ်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။

=======

တရုတ် သမ္မတ ရှီ လာတဲ့ ခရီးစဉ် ဂုဏ်ပြု ကြိုဆိုမှု၊ ၁၉၉၇ ဝန်းကျင်က တရတ်သမ္မတ ကျန်ဇီးမင်း နှင့် ဖိလစ်ပိုင် သမ္မတ တို့ကို ဆိုက်ရောက် ဂုဏ်ပြုကြိုဆိုမှု အခမ်းအနားကို လေဆိပ်မှာ လုပ်ခဲ့ကြကြပါတယ်။

နောက်ပိုင်းမှာ သမ္မတအိမ်တော်ရှေ့ မြက်ခင်းပြင်မှာ ပြုလုပ်ကြပါတယ်။

အဲ့ဒီကွာခြားချက်ကို ဆောင်းပါးမှာလည်း ရေးထားပါတယ်၊ ဓာတ်ပုံမှတ်တမ်း အဟောင်းရှိရင် နှိုင်းယှဉ် ထည့်လို့ ရပါတယ်။

Eagle Eye


LEAVE A REPLY

Please enter your comment!
Please enter your name here