ဗုဒ္ဓဂါယာဘုရားဖူးပတ်စ်ပို့ပြုလုပ်ပြီး ပြည်ပကိုထွက်ခွာမှုတွေရှိနေသည်ဆိုသည့်သတင်း မမှန်ဟုဆို

0
481

လက်ရှိလူမှုကွန်ရက်တွင် ဗုဒ္ဓဂါယာဘုရားဖူးပတ်စ်ပို့ပြုလုပ်ပြီး ယင်းမှတစ်ဆင့် ပြည်ပကို ဆက်လက်ထွက်ခွာမှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

ယခုလိုထွက်ပေါ်နေသည့် သတင်းများသည် ကောလဟလများသာဖြစ်ပြီး အကယ်၍ ဗုဒ္ဓဂါယာဘုရားဖူးပတ်စ်ပို့ကို ကိုင်ဆောင်ထားသူများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းမရှိပါက ခရီးသွားကုမ္ပဏီနှင့်အတူ ခရီးသွားကိုပါ blacklist ပြုလုပ်ကြောင်းသိရသည်။

“ အဲဒီလိုကြီးတော့မဟုတ်ပါဘူး၊ ဗုဒ္ဓဂါယာဘုရားဖူးသွားတာက ဘုရားဖူးသွားတဲ့သူတွေပဲ များပါတယ်၊ဘုရားဖူးရာသီအတွင်းမှာ သင်္ကြန်မတိုင်ခင်အထိပေါ့ ဒီရာသီအတွင်းမှာပဲ ဗုဒ္ဓဂါယာဘုရားဖူးသွားကြတာကို၊ အဲဒီဘုရားဖူးရာသီအတွင်းမှာ ပတ်စ်ပို့တွေအခက်အခဲဖြစ်နေတဲ့အတွက် ဘုရားဖူးတွေမသွားရောက်နိုင်ဘူးဖြစ်နေတယ်၊ ဒါကြောင့် သာသနာရေးဝန်ကြီးဌာနကနေ အကူအညီပေးမှုနဲ့ ပတ်စ်ပို့တွေကို လုပ်ပေးတာဖြစ်ပါတယ်၊ ပတ်စ်ပို့လုပ်တဲ့နေရာမှာ သတ်မှတ်ချက်တွေအများကြီးရှိပါတယ်၊ အနည်းဆုံးတစ်လကြိုတင်ပြီး လျှောက်ထားရတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

လက်ရှိတွင် ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်သွားရောက်မှုသည် မြင့်တက်နေပြီး တစ်ပတ်လျှင် သွားရောက်သူ ၁ ထောင်ကျော်ခန့်ရှိကြောင်း သိရသည်။ ဗုဒ္ဓဂါယာဘုရားဖူးခရီးသွားလိုသူတွေအနေဖြင့် ခရီးသွားအေဂျင်စီတွေကနေ ချိတ်ဆက်ကာ သွားရောက်နိုင်ပြီး ဘုရားဖူးခရီးစဉ် သုံးညအိပ် လေးရက်ခရီးအတွက် ဒေါ်လာ ၅၀၀ ကနေ ၁၀၀၀ အထိ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

လတ်တလောတွင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုပြီး အလုပ်ခေါ်စာနှင့် စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်မှစပြီး ယာယီရပ်ဆိုင်းထားခြင်းဖြစ်ပြီး လက်ရှိတွင် ဗုဒ္ဓဂါယာဘုရားဖူးအတွက်(PV) နှင့် ပြည်ပအတွက်စေလွှတ်မည့် MOU သမား (PJ) တွေကို နိုင်ငံကူးလက်မှတ်ပြုလုပ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here