ဆိုင်ကလုန်းဒဏ်သင့် နူးဇီလန်၌ အရေးပေါ်အခြေအနေကြေငြာ

0
203

ဝဲလင်တန်၊ဖေဖော်ဝါရီ ၁၄

ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီလီကြောင့် နူးဇီလန်နိုင်ငံ၌အင်္ဂါနေ့တွင် နိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေနေကြေငြာခဲ့ရသည်။အဆိုပါမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ကာ လူပေါင်းတစ်သိန်းကျော်လည်း လျှပ်စစ်မီးမရကြကြောင်းသိရသည်။

နိုင်ငံ၏လူနေထူထပ်ရာ မြောက်ပိုင်းဒေသများ၌ လေပြင်းများတိုက်ခတ်ကာမိုးသည်းထန်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး မကြုံဖူးသောအခြေမျိုးဖြစ်သည်ဟုလည်းဆိုကြသည်။နူးဇီလန်အတွက် ယခုတစ်ကြိမ်သည်သုံးကြိမ်မြောက်အနေဖြင့် နိုင်ငံအားအရေးပေါ်အခြေနေကြေငြာခဲ့ရခြင်းဖြစ်ပြီး ရှေ့နှစ်ကြိမ်မှာ Christchurch တိုက်ခိုက်မှုနှင့် ကိုဗစ်ကြောင့်အရေးပေါ်အခြေနေကြေငြာခဲ့ခြင်းဖြစ်သည်။

လေပြင်းထန်မှုကြောင့်သစ်ပင်ကျိုးကျမှုများ၊မြေပြိုမှုများနှင့်လမ်းများကျိုးပဲ့မှုများလည်းဖြစ်ပေါ်နေကာ အိမ်အချို့မှာလည်း နစ်မြုပ်နေပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ဖြစ်ပေါ်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများလည်းခက်ခဲလာကာ နိုင်ငံမြောက်ပိုင်းသို့ ကူးသန်းသွားလာလို့မရတော့ကြောင်းဖော်ပြထားသည်။

အချို့မှာနေအိမ်စွန့်ခွာရှောင်တိမ်းနေရပြီဖြစ်သည်ဟု ဒေသတွင်းမီဒီယာများကဖော်ပြထားသည်။ညတွင်းချင်းပြောင်းရွှေ့ရန်ညွှန်ကြားသည့်မက်ဆေ့ချ်ဝင်လာသဖြင့် အသင့်ပြင်ထားသည့် အိတ်များနှင့်ဘေးလွတ်ရာသို့ရွှေ့ခဲ့ရသည်ဟုလည်း ကိုယ်တွေ့ကြုံရသူတစ်ဦးကပြောကြားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီလီသည် နူးဇီလန်မြောက်ပိုင်းသို့ဦးတည်တိုက်ခတ်ခဲ့ပြီး တစ်နာရီလျှင်ကီလိုမီတာ ၁၄၀ နှုန်းဖြင့်တိုက်ခတ်ခဲ့ခြင်းဖြစ်ကာ ကမ်းရိုးတန်းဒေသများ၌ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ စင်တီမီတာအထိမြင့်တက်ခဲ့ပြီး ၁၁ မီတာမြင့်သည်လှိုင်းများပါဖြစ်ပေါ်စေခဲ့သည်ဟုသိရသည်။

မုန်တိုင်းကြောင့်လေကြောင်းလိုင်းများလည်းရပ်နားခဲ့ရပြီး လေယာဉ်ခရီးစဉ်ပေါင်း ၅၉၂ ခုဖျက်သိမ်းခဲ့ရကာ ခရီးသည်ပေါင်း သုံးသောင်းခွဲခန့် အဆိုပါလေယာဉ်ခရီးစဉ်ဖျက်သိမ်းမှုနှင့် ကြုံတွေ့ခဲ့ရသည်ဟုလည်းဖော်ပြထားသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here