ပြည်တွင်း၌ ဆန်ဈေးနှုန်းမြင့်တက်မှုကြားမှတည်ငြိမ်စေရန် ဆန်စပါးအသင်းနှင့် ဝန်ကြီးဌာနတို့ ညှိနိူင်းလုပ်​ဆောင်မည်

0
354

ပြီးခဲသည့် ဇန်နဝါရီလကုန်ပိုင်းမှစပြီး ပြည်တွင်းဆန်ဈေးနှုန်းမှာ အဆမတန်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်း​ကြောင်းရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားကြောင်းသိရသည်။ ပြည်တွင်းဆန်ဈေးကွက်တစ်ခုတည်းတွင် မြင့်တက်နေခြင်းမဟုတ်ပဲ နိုင်ငံတကာဈေးကွက်တွင်လည်း မြင့်တက်နေကြောင်း  အသင်းမှပြောသည်။

“ ဒီရက်ပိုင်းမှာ ဆန်ဈေးမြင့်တက်နေတာပေါ့။ ဆန်ဈေးမြင့်တက်မှုကိုကြည့်လိုက်တဲ့အခါမှာ နိုင်ငံတကာဈေးကွက်မှာလည်း တက်တယ်။ ပြည်တွင်းဈေးကွက်မှာလည်းတက်လာတာတွေ့ရတယ်။ ကျွန်တော်တို့ရဲ့ ဝန်ကြီးဌာနကိုတင်ပြထားပါတယ်။ ပြည်တွင်းမှာအခြေခံကျတဲ့ စက်ရုံ၊အလုပ်ရုံဝန်ထမ်းတွေ၊စက်မှုဇုန်တွေပေါ့နော်။ အဲဒီဝန်ထမ်းတွေကို ဆန်ဖြန့်ပေးနိုင်ဖို့၊ သက်သာတဲ့ဈေးနှုန်းနဲ့ ပြန်ရောင်းပေးနိုင်ဖို့ ဒါလေးတွေညှိနှိုင်းနေတယ်။ နယ်တွမှာရှိတဲ့ စက်ပိုင်တွေ၊ ကုန်သည်တွေ၊ ကုန်စည်ဒိုင်တွေနဲ့ ရန်ကုန်၊ မန္တလေးအဓိကမြို့ကြီးတွေကိုဆန်များများရအောင် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ယင်းအပြင် နယ်တွေမှာလည်း လျှပ်စစ်မီးရရှိမှုသည် အကန့်အသတ်နှင့် ရရှိနေခြင်းကြောင့် ဆန်စက်များတွင် ဆန်မကြိတ်နိုင်ခြင်း၊ ဆန်စက်များ ပုံမှန်အနေအထားဖြင့် လည်ပတ်နိုင်ရန်နှင့် ဆန်များများဈေးကွက်ထဲသို့ ဝင်နိုင်အောင် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများလုပ်နေကြောင်းသိရသည်။

လက်ရှိဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း (ဆန်အသစ်) တအိတ် ၈၅၀၀၀ ကျပ်မှ  ၉၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (အဟောင်း) တအိတ် ၁၂၀၀၀၀ ကျပ် ၊ ဆန်ချော (ဧရာဝတီတိုင်းပေါ်ဆန်းအုပ်စုဝင်) တစ်အိတ် ၈၀၀၀၀ ကျပ်ကျော် မှ ၈၅၀၀၀ ကျပ်ကျော်၊ ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန်အသစ်) တစ်အိတ် ၇၂၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်  ၊ ဆန်ကြမ်းအဟောင်း (ငစိန်၊ ဇီယာ အုပ်စုဝင် အသစ်) တစ်အိတ် ၆၀၀၀၀ ကျပ်ကျော်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here