နှစ်နှစ်ကြာပိတ်ထားသည့် တရုတ်နှင့်မြောက်ကိုရီးယားတို့၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်

0
150

ဒန်ဒွန်၊ဖေဖော်ဝါရီ ၁၆

မြောက်ကိုရီးယားနှင့်တရုတ်တို့အကြား နှစ်နှစ်ကြာရပ်နားထားသည့် ကုန်စည်တင်ပို့မှုအား ပြန်လည်စတင်လိုက်ပြီဖြစ်သည်။နှစ်နိုင်ငံအာဏာပိုင်များက အချို့သောကုန်တင်ပို့မှုများ ကို ပြန်လည်စတင်ရန်သဘောတူခဲ့ကြကြောင်း မြောက်ကိုရီးယားနှင့်နီးစပ်သည့် တရုတ်သတင်းရင်းမြစ်ထံမှသိရသည်။

၂၀၂၀ ပြည့်နှစ်တွင် မြောက်ကိုရီးယားဘက်မှ ကိုဗစ်ရောဂါကြောင့် ကုန်သွယ်မှုရပ်ဆိုင်းခဲ့ခြင်းဖြစ်ကာ အောက်တိုဘာလခန့်တွင် နှစ်နိုင်ငံကုန်သွယ်ရေး၏ ကုန်းလမ်း၊ရေလမ်းနှင့်မီးရထားဖြင့်ကုန်သွယ်မှုများပါ အားလုံးနီးပါးရပ်တန့်သွားခဲ့သည်။

တရုတ်နိုင်ငံသည်မြောက်ကိုရီးယား၏ အကြီးဆုံးကုန်သွယ်မိတ်ဖက်ဖြစ်ပြီး မြောက်ကိုရီးယားကုန်သွယ်ရေး၏ ၉၀ ရာခိုင်နှုန်းကျော်သည် တရုတ်နှင့်ကုန်သွယ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်စက်တင်ဘာလ၌ မြောက်ကိုရီးယားဘက်မှ ရေကြောင်းကုန်သွယ်မှုနှင့် ရထားဖြင့်ကုန်သွယ်မှုတို့အား တရုတ်ဒန်ဒွန်မြို့နှင့်မြောက်ကိုရီးယားရှင်းဝီဂျိုမြို့အထိပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရုတ်နှင့်မြောက်ကိုရီးယားတို့အကြားကုန်သွယ်မှုသည် အ ေမရိကန်ဒေါ်လာ ၁ ဒသမ ၀၃ ဘီလျံအထိမြင့်တက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်၏ ကိုဗစ်မတိုင်မီကာလအောက် ထပ်လျော့နည်းနေဆဲဖြစ်သည်။

ကိုဗစ်ကာလပိတ်ဆို့မှုများကြောင့် တရုတ်နိုင်ငံထဲရောက်ရှိနေသည့် မြောက်ကိုရီးယားနိုင်ငံသားများလည်း အခက်အခဲတွေ့ခဲ့ကြရသည်။မိသားစုများနှင့်အဆက်သွယ်မရကြဘဲ ဖုန်းပင်ပြောခွင့်မရခဲ့ကြောင်းသိရသည်။မြောက်ကိုရီးယား၌ ကိုဗစ်ရောဂါအား ပြီးခဲ့သည့်နှစ်မေလနှင့်ဂျူလိုင်လများ၌ ပထမဆုံးတွေ့ရှိခဲ့ကာ ဩဂုတ်လ၌ပြန်လည်ထိန်းချုပ်နိုင်ပြီဟုဆိုခဲ့သည်။

တရုတ်၌မူ ယခုအခါ ကိုဗစ်စည်းမျဉ်းအားလုံးကိုလျှော့ချလိုက်ပြီဖြစ်ပြီး ကူးစက်မှုလည်း အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီဖြစ်သဖြင့် စိုးရိမ်စရာမလိုတော့ကြောင်းအစိုးရကယူဆထားသော်လည်း ပညာရှင်များကမူ ဒုတိယလှိုင်းထပ်ဖြစ်လာမည်ကိုစိုးရိမ်နေကြကြောင်းလည်းသိရသည်။

နှစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း ရောဂါကူးစက်မှုများပြန်ဖလှယ်သလိုဖြစ်လာမည်ကိုတော့ စိုးရိမ်နေကြသည်ဟုလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here