ရန်ကုန်တွင် လျှပ်စစ်ကား
အားသွင်းမည့် နေရာ (၅) ခုတည်ဆောက်မည်ဖြစ်ပြီး အချိန်မီပြီးစီးအောင် လုပ်ဆောင်ရန် မြို့တော်ဝန်မှာကြား

0
406

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲသွားမည့် လျှပ်စစ်ကားများ အားဖြည့်ရမည့် နေရာ (၅) ခု တည်ဆောက်သွားမည်ဖြစ်ပြီး အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက မှာကြားထားကြောင်း သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၁၆) ရက် နံနက်ပိုင်းက သီရိမင်္ဂလာဈေးသစ်အနီးတွင် စတင်ဆောင်ရွက်နေသည့် EV Car Charging Station တည်ဆောက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်နှင့် နေပြည်တော်တွင် အငှားယာဉ်များအဖြစ် စမ်းသပ်ပြေးဆွဲမည့် လျှပ်စစ်ကားများ အားဖြည့်တင်းနိုင်ရန် Charging Station တည်ဆောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သီရိမင်္ဂလာဈေးရှေ့ရှိ ယာဉ်ရပ်နားကွင်းတွင် အလျား ၁၃၀ ပေ၊ အနံ ၆၅ ပေရှိ မြေနေရာ၌ EV Car Charging Station အား စတင်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ မြို့တော်ဝန်က သွားရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများလည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး ရန်ကုန်နှင့် နေပြည်တော်တွင် အငှားယာဉ်အဖြစ် စတင်စမ်းသပ်ပြေးဆွဲသွားနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၁) ရက်က နေပြည်တော် သ‌ပြေကုန်းဈေးတွင် တည်ဆောက်မည့် EV Car Charging Station တွင် အသုံးပြုမည့် EV Charger 60KW (၅) စုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဖေဖေါ်ဝါရီ (၇) ရက်ကလည်း EV Charger 60 kw (၅)စုံ နှင့် 200 kw (၂)စုံ MITT ဆိပ်ကမ်းမှတဆင့် ပထမအကြိမ် ရောက်ရှိထားကြောင်း သိရသည်။

နစက အနေဖြင့် လျှပ်စစ်ကား တင်သွင်းမှုနှင့်ပတ်သက်၍ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဖွဲစည်းထားပြီး ယင်းကော်မတီက ရွေးချယ်သည့် ကုမ္ပဏီများကို လျှပ်စစ်ကားတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တင်သွင်းလာသည့် EV Charger များကိုလည်း အဆိုပါ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စီစစ်ခွင့်ပြုခဲ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နစက လက်အောက်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး‌ပေါ်မှ နေရာ (၅) ခုတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် နေရာ (၅) ခုကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၀)မိုင် အမှတ်(၃)လမ်းဆုံ၊ (၁၁၅)မိုင် ဖြူးယာဉ်ရပ် နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနဲ့ မိုင်တိုင် (၃၅၂/ ၃) စကားအင်းလမ်းဆုံတို့တွင် တည်ဆောက်သွားမည်ဟုလည်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here