မြန်မာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအနေဖြင့် ဒေါ်လာသန်း (၅၀) ပေးမည်ဟု
အမေရိကန်ကြေညာ

0
275

လူသားချင်းစာနာမှု အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများကို အမေရိကန်ဒေါ်လာသန်း(၅၀) ပေးအပ်ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက အသိပေးကြေညာလိုက်သည်။

အဆိုပါ လူသားချင်းစာနာမှုအကူအညီများကို မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးသင့်ပြည်သူများ၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရအထောက့်အပံ့ ပေးအပ်ရေးအတွက် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံရုံးက ယနေ့ ဖေဖေါ်ဝါရီ (၁၆) ရက်တွင် ထုတ်ပြန်ထားသည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ထောက်ပံ့ပေးသွားမည့် အဆိုပါ ကန်ဒေါ်လာသန်း(၅၀) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့်ပူး‌ပေါင်းကာ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အစာအာဟာရချို့တဲ့မှုမှ ကုစားကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။

ထို့အပြင် ယခုထောက်ပံ့မည့် USAID ၏ ထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများ ပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်မည့် အစီအစဉ်များ ပါဝင်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂစစ်တမ်းများအရ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်လျက်ရှိသည့် ဦးရေမှာ လူဦးရေ ၁၇ သန်းကျော်ရှိကြောင်း အမေရိကန်သံရုံးက ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here