အမေရိကန် မိုးပျံပူဖောင်းများ တရုတ်လေပိုင်နက်ထဲသို့ ဖြတ်သန်းသွားသည့်အပေါ် ဥပဒေအရ တန်ပြန်အရေးယူသွားမည်ဟု တရုတ်ပြောလာ

0
355

တရုတ်နိုင်ငံက အမေရိကန် မိုးပျံပူဖောင်းများသည်လည်း ရှင်ကျန်းနှင့် တိဘက်ဒေသများပေါ်သို့ ဖြတ်သန်းသွားသည်ဟု ပြောဆိုကာ ၎င်း၏အချုပ်အခြာအာဏာကို ထိခိုက်စေသော အမေရိကန်အဖွဲ့အစည်းများအား အရေးယူသွားမည်ဟု ဖေဖော်ဝါရီလ ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

ထောက်လှမ်းရေးပစ္စည်းဟု ယူဆရသော တရုတ်မိုးပျံပူဖောင်းကို အမေရိက က ပစ်ချခဲ့ပြီးနောက်ပိုင်း တရုတ်သည် ယခုကဲ့သို့ အမေရိကအား ပြန်လည်တုံ့ပြန်လာခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် မေလမှစတင်၍ အမေရိကန်မိုးပျံပူဖောင်းများသည် ရှင်ကျန်းနှင့် တိဗက်ဒေသများ အပါအဝင် တရုတ်လေပိုင်နက်ထဲသို့ ခွင်ပြုချက်မရှိဘဲ ဆယ်ကြိမ်ထက်မက ဖြတ်သန်းသွားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝန်ဘင်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် အခိုင်အမာပြောဆိုထားသည်။

ပစ်ချခဲ့သော မိုးပျံပူဖောင်းနှင့် ဆက်စပ်နေသည့် တရုတ်အဖွဲ့အစည်းခြောက်ခုအား ဝါရှင်တန်က အမည်ပျက်စာရင်းသွင်းသည့်ပေါ်ကိုလည်း ဝမ်က အမေရိကသည် အင်အားကို အလွဲသုံးစားလုပ်၍ အခြေအနေအား လွန်လွန်ကဲကဲ တုံ့ပြန်ကာ ပိုမိုတင်းမာအောင် လုပ်ခဲ့ကြောင်းနှင့် ထိုအခြေအနေကို အကြောင်းပြကာ တရုတ်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူခဲ့ကြောင်း ပြောကြားခဲ့သည်။

“တရုတ်က ဒါမျိုး ပိတ်ဆို့တာမျိုးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ သက်ဆိုင်ရာ အမေရိကန် အဖွဲ့အစည်းတွေကို ဥပဒေနဲ့အညီ တန်ပြန်အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ဝမ်က သတိပေးခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here