ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ် မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကျင်းပမည်

0
571

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ် မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးအား ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၅ ရက်အထိ ၁၀ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးတွင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓပူဇာ၊ဓမ္မပူဇာ၊သံဃပူဇာ ပူဇော်ခြင်းအမျိုးမျိုးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီး၏အစနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၄ ရက်နံနက် ၉ နာရီတွင် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ကာ ဖွင့်ပွဲစတင်သည့်အချိန်မှစ၍ သံဃာတော် ၁၂၀ ပါးမှ မတ် ၅ ရက်နံနက် ၉ နာရီအထိ နာရီပေါင်း ၂၁၆ နာရီတိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်မည်ဖြစ်သည်။

မတ် ၄ ရက်ညနေ ၄ နာရီ၌ စေတီတော်ရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင်စုရပ်ပြုလုပ်၍ မြတ်စွာဘုရားရှင်အမှူးရှိသော သြဝါဒါစရိယဆရာတော်ကြီးများနှင့်ပင့်သံဃာ ၁၁၇ ပါး၊ သီလရှင် ၂၇ ပါး(စုစု ပေါင်း ၁၄၄ ပါး)တို့အား ရင်ပြင်တော် လက်ယာရစ်တစ်ပတ် ဆွမ်းဆန်တော်လောင်းလှူသွားမည်ဖြစ်သည်။

ထို့ပြင် မတ် ၅ ရက်နံနက် ၅ နာရီခွဲ၌ စေတီတော်ရင်ပြင်တော်အောင်မြေတွင် ဆွမ်းတော်ကြီးဆက် ကပ်လှူဒါန်းခြင်း၊ နံနက် ၉ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ (အောင်ပွဲ)နှင့်ရေစက်ချအခမ်းအနားကျင်းပခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပါဝင်လှူဒါန်းကုသိုလ်ပြုလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here