ရုရှားနှင့်ယူကရိန်းတို့ အကျဉ်းသား ၁၀၀ ဦးထပ်မံလဲလှယ်

0
100

မော်စကို၊ဖေဖော်ဝါရီ ၁၇

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရုရှားနှင့်ယူကရိန်းတို့သည် အကျဉ်းသားလဲလှယ်မှုထပ်မံပြုလုပ်ခဲ့ကြပြီး ယခုတစ်ကြိမ်တွင် အကျဉ်းသား ၁၀၁ ဦးလဲလှယ်ခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

“ပြန်လည်လွတ်မြောက်လာသူ ရုရှားတပ်ဖွဲ့ဝင်များအား စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ဆေးဘက်ဆိုင်ရာဌာနများသို့ပို့ဆောင်ကာ ကျန်းမာရေးကုသမှုနှင့် စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးအတွက် ပို့ဆောင်ပေးမည်” ဟုလည်း ရုရှားဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဇလန်းစကီး၏စစ်ဦးစီးချုပ်ကလည်း ပြန်လည်လွတ်မြောက်လာကြသော ယူကရိန်းတပ်ဖွဲ့ဝင်များ၏ဓာတ်ပုံများကို ပို့စ်တင်ခဲ့သည်။၎င်း၏ပြောကြားချက်အရ ယူကရိန်းတပ်ဖွဲ့ဝင် အယောက် ၁၀၀ နှင့် သာမန်အရပ်သားပြည်သူတစ်ဦး စုစုပေါင်း ၁၀၁ ဦးပြန်လွတ်လာခြင်းဖြစ်သည်ဟုဆိုသည်။

ယခုပြန်လည်လွတ်မြောက်လာသောတပ်ဖွဲ့ဝင်အားလုံးနီးပါးသည် မာရီယိုပိုးလ်မြို့အား ရုရှားလက်ထဲမကျရောက်ရန် ဝိုင်းကာကွယ်ခဲ့ကြပြီး အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

သမ္မတဇလန်းစကီးကမူ ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလက စတင်ခဲ့သောပဋိပက္ခကာလအတွင်း ရုရှား၏ဖမ်းဆီးခြင်းခံထားရသည့် အမျိုးသား၊အမျိုးသမီးစုစုပေါင်း ၁,၇၆၂ ဦးအား လွှတ်ပေးနိုင်ခဲ့ပြီဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here