ထိုင်း-မလေးရှားနယ်စပ်တွင်မြန်မာနိုင်ငံသား ၁၃ ဦးဖမ်းဆီးခံရ

0
109

ထိုင်းနိုင်ငံ၊ထိုင်း-မလေးရှားနယ်စပ်ရှိ စုန်ခရာခရိုင်တွင် မလေးရှားနိုင်ငံသို့ဝင်ရောက်ရန် အခြားသူများအားစောင့်ဆိုင်းနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၃ ဦး ဖေဖော်ဝါရီ ၁၆ ရက်က ဖမ်းဆီးခံခဲ့ရသည်။

စုန်ခရာခရိုင်မှတာဝန်ရှိသူများနှင့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက စဒေါင်မြို့၊စမ်နက်ခမ်ကျေးရွာရှိ ထိုင်း-မလေးရှားနယ်စပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်အရ ပရာကျွတ်ခီရီခမ်ခရိုင်မှတဆင့် ၎င်းတို့အပါအဝင် လူ ၃၀ ဦးသည် ပစ်ကပ်ကား ၂ စီးဖြင့်လာရောက်ပြီး ဟတ်ယိုင်ခရိုင်တွင် တစ်ညတည်းခိုပြီးနောက် ထိုင်း-မလေးရှားနယ်စပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကာ အခြားသူများအားစောင့်ဆိုင်းနေစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ပြင် မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၄၀၀၀၀ စီပေးချေခဲ့ရကြောင်းလည်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၁၃ ဦးအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီးနောက် ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here