ကမ္ဘောဒီးယားနှင့်တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှုသည် ထိပ်တိုက်ရင်ဆိုင်ရန်မဟုတ်ဟုဆို

0
256

ကမ္ဘောဒီးယားနှင့်တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သည့်ရည်ရွယ်ချက်သာဖြစ်ပြီး အခြားမည်သည့်နိုင်ငံကိုမှ ထိပ်တိုက်ရင်ဆိုင်ရန်မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားနဲ့တရုတ်ကြားက စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်းနဲ့ကမ္ဘာ့နိုင်ငံများနှင့် တိုက်ခိုက်ရန်အတွက် ပြင်ဆင်လေ့ကျင့်ခြင်းမျိုးမဟုတ်ဘဲ ဒေသတွင်းလုံခြုံရေး၊တည်ငြိမ်ရေးနဲ့ ဘေးကင်းရေးအတွက် နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေကို အရည်အသွေးမြှင့်တင်စေချင်ရုံပါပဲ” ဟု၎င်းကပြောကြားခဲ့သည်။

နှစ်နိုင်ငံကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယားနှင့်တရုတ်တို့၏ ကြာရှည်ရင်းနှီးချစ်ကြည်မှုအတွက် အရေးပါပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များအနေဖြင့် မည်သို့ပင်ခက်ခဲ့သည့်အခြေအနေဖြစ်ပါစေ ပူးပေါင်းဆောင်ရွက်နိုင်အောင် ရည်ရွယ်ခြင်းသာဖြစ်သည်ဟုလည်းဆိုခဲ့သည်။

မကြာမီကျင်းပမည့်စစ်ရေးလေ့ကျင့်မှု၌ သဘာဝဘေးဒဏ်ခံရသူများအားကယ်ဆယ်ခြင်း၊ အကြမ်းဖက်အဖွဲ့များအားနှိမ်နင်းခြင်း၊မိုင်းရှင်းလင်းရေးနှင့်နှစ်နိုင်ငံပြည်သူများ၏ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းများပါဝင်သည်ဟု သံအမတ်ကြီးကပြောကြားခဲ့သည်။

ယခုလေ့ကျင့်မှု၌ နှစ်ဖက်စလုံး၏ တပ်ဖွဲ့ဝင်တစ်ထောင်ကျော်ပါဝင်မည်ဟုလည်းသိရသည်။ကမ္ဘောဒီးယားနှင့်တရုတ်တို့ကြား “ရွှေနဂါးစစ်ရေးလေ့ကျင့်မှု” သည် ၂၀၁၆ ခုနှစ်ကတည်းကစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကြောင့်နှစ်နှစ်တာရပ်နားထားရာမှ ယခုအခါပြန်လည်ကျင်းပရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘောဒီးယားသည် တရုတ်နှင့်စစ်ရေးလေ့ကျင့်မှုအပြင် မကြာသေးမီက အိန္ဒိယနှင့်လည်း နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီမှုပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်ညှိနှိုင်းဆွေးနွေးခဲ့သေးကြောင်းသိရသည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here