နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းပြီး ပရဟိတစိတ်ဖြင့် ဆောင်ရွက်ကြရန် နိုင်ငံခြားရေးဝန်ကြီးမှာကြား

0
234

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူ၏ အကျိုးစီးပွားအတွက် အတ္တဟိတ၊ ပရဟိတ စိတ်ဓာတ် ပြည့်စုံစွာဖြင့် ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်သွားကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ ပြောကြားသည်။

ယနေ့ ဖေဖေါ်ဝါရီလ (၁၇) ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများတွေ့ဆုံကြသည့် အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ ပထဝီနိုင်ငံရေး အခြေအနေကို သိရှိနားလည် သဘောပေါက်ပြီးနိုင်ငံတကာမျက်နှာစာတွင် အခြားသူများ နားလည်သဘောပေါက်အောင် ပြောကြားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

” နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် မိမိအောင်မြင် တိုးတက်မှုအတွက် ကြိုးစားရင်း နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားဖော်ဆောင်နိုင်ရန် အတ္တဟိတ၊ ပရဟိတ စိတ်ဓာတ်ပြည့်စုံစွာဖြင့် ပေးအပ်သော တာဝန်များကို ညီညွတ်စွာဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောသည်။

ထို့အပြင် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်အတွက် မိမိကိုယ်မိမိ တည်ဆောက်ရန် လိုအပ်ပြီး ကိုယ်စားပြုသော ဌာနနှင့် နိုင်ငံတော်၏ တာဝန်များကို ကျေပွန်စွာ ထမ်းရွက်သွားရန် လိုအပ်ကြောင်းလည်း မှာကြားခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here