ရန်ကုန်တွင် ယနေ့လည်း မိုးဆက်လက်ရွာမည်ဟု မိုးဇလ ကြေညာ

0
152

ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ရန်ကုန်မြို့အနီးတစ်ဝိုက်တွင် မိုးဆက်လက်ရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင်လည်း ရန်ကုန်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာခဲ့ပြီး မိုးသီးများကြွေကျခဲ့ကြောင်း သိရသည်။

ယနေ့ မိုးဇလထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ နှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း ကြေညာထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် မိုးရွာသွန်းခြင်းဖြစ်ကြောင်း၊ ယင်းကြောင့်ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here