သရုပ်ဆောင်တဲ့အခါ အသံတိုးတယ်လို့ ပြောနေကြတဲ့အပေါ် နေမင်း ဘယ်လို သဘောထားလဲ

0
198

nay-min

ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်တဲ့အခါမှာ အသံတိုးတယ်လို့ နေမင်းကို ပရိသတ်တော်တော်များများက ဝေဖန်နေကြပါတယ်။ အဲဒီလိုဝေဖန် ကြတဲ့အပေါ်နေမင်း ဘယ်လိုသဘောထားလဲလို့ မေးတော့..

” အဲဒါက ဟိုးအရင်က ဇာတ်ကားတွေမှာ အသံတိုးတယ်။ နောက်ပိုင်း Mark 3 စပြီး ပြောင်းလိုက်တဲ့အချိန်မှာ အသံပစ္စည်းတွေ စင်ကာပူက ဝယ်လာတာတွေလည်း ရှိတယ်။ နောက်ပိုင်း စက်တွေပြောင်းလိုက်တဲ့အချိန်မှာ အသံအဆင်ပြေသွားတယ်။ “မအေးပွင့်” ဆိုရင် ကျွန်တော်ပါးစပ်ပွင့်တယ် ဆိုရုံလေးပဲ ပြောထားတာ။ အဲဒါ အသံတော်တော်ထွက်တယ်။ နောက်ပိုင်း ဇာတ်ကားတွေတော့ အသံကျယ်မှာပါပဲ။ ပြဿနာက ဘာလဲဆိုတော့ ကျွန်တော် အသံကျယ်ပြီး မပြောတတ်တာ ဒီလိုပါ။ လူတစ်ယောက်ရဲ့ ပုံမှန်အသံနဲ့ အသံအိုဗာအသံကို ချိန်ကြည့်ရင် လူကအသံမှန်မှ ဟန်မှန်မှာကိုး။ အဲဒီတော့ အသံ ကျယ်ပြောလိုက်ရင် အိုက်တင်မှာပါ အိုဗာဖြစ်သွားတယ်လို့ ခံစားရတယ်။ အဲဒါကို ကျွန်တော် ကိုယ်တိုင်လည်း မကြိုက်ဘူး။ ကိုယ်ပြောတဲ့ အသံတိုးရင်တိုးမယ်။ ကိုယ်ရဲ့အမူအရာ၊ လှုပ်ရှားမှုပေါ်မှာ မူတည်ပြီး တော့ ပရိသတ်က နားလည်မှာပဲဆိုတဲ့စိတ်နဲ့ ကျွန်တော် ခေါင်းမာပြီး ပုံမှန်အတိုင်းပဲ ပြောခဲ့တာပါ။ ခေါင်းမာတယ်ဆိုတာထက်ကို ကိုယ့်အိုက်တင်ကို အိုဗာမဖြစ်ချင်တဲ့စိတ်ပေါ့။ “အုတ်ကြားမြက်ပေါက်”ဆိုရင်လည်း အသံထွက်တာပဲလေ။ အဲဒါလည်း ပုံမှန်ပဲပြောခဲ့တာပါ။ ပရိသတ်တွေ ဝေဖန်မှုက ကောင်းပါတယ်။ နည်းပညာမြင့်မားမှုရယ်၊ ကျွန်တော်တို့မှာ ရှိတဲ့ Crew တွေရဲ့ ကျွမ်းကျင်မှုရယ်ပေါ့။ အရင်လိုမျိုး လူနည်းနည်းလေးနဲ့ ဒီလုပ်ငန်းကို လည်ပတ်တာ မဟုတ်တော့ဘူး။ ဇာတ်ကားရိုက်ကူးရင် အသံဆိုလည်း အသံ၊ သူ့နေရာနဲ့သူ တာဝန်ယူမှုတွေ ပါလာပြီ။

အရင်ကဆို အသံဆိုရင် မိုက်တစ်လုံးနဲ့ လူတစ်ယောက်ပဲ ဖမ်းကြတာ။ အခု ဆိုရင်အသံမှာပဲ လူက ၄ယောက် လောက်နဲ့ သူ့အဖွဲ့နဲ့သူသွားတဲ့အတွက် ပူစရာမလိုတော့ဘူး။ နည်းပညာ မြင့်မားပြီးတော့ နိုင်ငံတကာအဆင့်အတန်းမီလာလေ ကျွန်တော့် စိတ်ထဲက ဆန္ဒနဲ့တစ်ထပ်တည်း ကျသွားမှာပါ။ ကျွန်တော်က လည်း အစောကြီးကတည်းက ဗီဒီယိုပြတဲ့လူ၊ ကြည့်ရှုသူ ဘဝက လာခဲ့တဲ့လူဖြစ်တဲ့ အတွက် ကိုယ်တွေပရိသတ်ဘဝက ဖြစ်ချင်တဲ့ ဆန္ဒကို ဖြစ်အောင် လုပ်ကြည့်တယ်။ ဥပမာ- တောကား တွေ ရိုက်ကူးတယ်ဆိုလည်း ကျွန် တော်ရိုက်ကူးတဲ့ တောကားက ပေါ့ပေါ့ပါးပါးတောကားမဟုတ်ဘူး။ တကယ်လက်ရှိရှိနေတဲ့ အခြေခံလူတန်းစားတွေရဲ့ဘက်ကနေ လိုက်တွေးပြီး ဇာတ်ကို ရိုက်ကူးတာပါ။ သူခိုးဆိုလည်း ဘာကြောင့် သူခိုးလုပ်ရတယ်ဆိုတဲ့ လိုအပ်ချက်တစ်ခုကို လိုက်ရှာပြီးတော့ ရိုက်ကူးပြထားတာပါ။

ကျွန်တော့်ဇာတ်ကားကို မြန်မာနိုင်ငံထဲက ဒေသအသီးသီးက တိုင်းရင်းသား ၁၃၅ ဦးလုံးက ကြည့်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေရနိုင်မယ်။ နောက်တစ်ချက်က နိုင်ငံခြားကနေပြီး နိုင်ငံခြားသား တစ်ယောက်က မြန်မာ ဇာတ်ကားကို ကြည့်မယ်ဆိုရင် တောကားဆိုပေမယ့် ကျွန်တော်ရိုက်ကူးထားတဲ့ တောကားကို ကြည့်မယ်ဆိုရင် သူတို့ အခြေခံ လူတန်းစားတွေက ဒီလိုရှိပါလား ဆိုပြီး အမြင်တစ်ခုရနိုင်မယ်။ အဲဒီ သဘောပါပဲ။ ခေါင်းမာတာတော့ မဟုတ်ဘူး။ အဲဒီလိုပဲ ကျွန်တော် ဆက်လက်ရိုက်ကူးဖြစ်မှာပဲ။ အခုလည်း ကိုယ့်စေ တနာအကျိုးပေးတယ် ပြောရမယ်။ ဟာသဇာတ်ကားတွေ တောက် လျှောက်ကြားထဲမှာ ကျွန်တော်တို့ရဲ့ “အုတ်ကြားမြက် ပေါက်” ဆိုလည်း အဆင်ပြေတယ်။ ကျွန်တော်နိုင် သလောက် တော့ ရသလောက် ရုန်းထွက်တယ်။ နည်းပညာ တွေကိုလည်း စဉ်ဆက်မပြတ်အမြဲတမ်း တိုးတက်ဖို့အတွက် လေ့လာနေတယ်။ အသံတိုးခြင်းကျတော့လည်း တကယ်တော့ အသံတိုးခြင်းက နည်းပညာလိုအပ်ချက်တစ်ခုကြောင့်ပါပဲ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here