၃ နှစ်ခန့်ကြာ ပိတ်ထားသည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်

0
298

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားသည်မှာ ၃ နှစ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားအား ဖေဖော်ဝါရီ ၂၀ ရက်(ယနေ့)နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်နိုင်ရန် မယ်ဆိုင်မြို့တာဝန်ရှိသူများနှင့်တာချီလိတ်မြို့တာဝန်ရှိသူများ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် ယနေ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၁)ချစ်ကြည်‌ရေးတံတားပြန်လည်ဖွင့်လှစ်ပြီးနောက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (တံတားကူးစာရွက်)များကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

“လတ်တလော ဒီတံတား(၁)ကနေဖြတ်သွားမယ့်လူတွေက ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း လက်မှတ်မိတ္တူပြသနိုင်ရင် ယာယီနိုင်ငံကူးလက်မှတ်(တံတားကူးစာရွက်) လုပ်လို့ရပါတယ် တံတားပြန်ဖွင့်လိုက်ပြီဆိုတော့ ကုန်သွယ်ရေးအတွက်ပိုပြီးအဆင်ပြေလာမယ်ထင်တယ် ဘယ်လိုသတ်မှတ်ချက်တွေရှိအုံးမလဲဆိုတာတော့မသိရသေးဘူးပေါ့”ဟု တာချီလိတ်မြို့ခံတစ်ဦးဖြစ်သည့် ကိုချမ်းမြေ့အောင်ကပြောသည်။

တံတားပြန်လည်ဖွင့်လှစ်ရာတွင် နှစ်နိုင်ငံတာဝန်ရှိသူများက သတ်မှတ်ထားသည်များအတိုင်း ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းတွင်လည်း အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊တရားနာခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ပြန်လည်ဖွင့်လှစ်သည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားအား နေ့စဥ် နံနက် ၆ နာရီမှ ည ၆ နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here