ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ရုရှားသံအမတ် တွေ့ဆုံကာ နှစ်နိုင်ငံပါတီချင်း ပူးပေါင်းမှုတိုးမြှင့်ရေး ဆွေးနွေး

0
142

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံကာ နှစ်နိုင်ငံ ပါတီချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၂၀) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီဌာနချုပ်တွင် ပါတီ ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သည့် အဖွဲ့နှင့် ရုရှားသံအမတ် H.E. Mr.Nikolay Listopadov ဦးဆောင်သည့် အဖွဲ့တို့တွေ့ဆုံခဲ့ကြခြင်း ဖြစ် သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်မှုများ အပါအဝင် အနာဂါတ်လူငယ်များနှင့် ပတ်သက်၍လည်း ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။

” ဒီနေ့တွေ့ဆုံမှုမှာ လက်ရှိအကြမ်းဖက်ဝါဒကို အခြေခံတဲ့ တိုင်းဖျက်ပြည်ဆူ လူတစ်စုနဲ့ အနာဂတ် လူငယ်တွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြသလို နှစ်နိုင်ငံပါတီချင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စတွေကိုလည်း အလေးထားဆွေးနွေးနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ရကြောင်းပါ ခင်ဗျာ” ဟု ဦးခင်ရီ ၎င်း၏ လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။

ထို့အပြင် နှစ်နိုင်ငံချစ်ကြည်ရေး၊နှစ်နိုင်ငံဆက်ဆံရေး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် United Russia ပါတီကြား ဆက်ဆံရေး ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီနှင့်အတူ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ် အမှုဆောင်များဖြစ်သည့် ဦးအောင်စိုး၊ ဦးအေးလွင်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here