လက်ရှိခရီးသွားစျေးကွက်တွင် ပြည်တွင်းခရီးသွားများဖြင့်ဟော်တယ်အသေးများအဆင်ပြေနေသော်လည်း ဟော်တယ်ကြီးအချို့မှာပိတ်ထားဆဲဖြစ်သည်။အချို့သော ဟော်တယ်ကြီးများက ပွဲများဖြင့်ရပ်တည်နေရပြီးနိုင်ငံခြားဧည့်သည်ဝင်ရောက်မှုမှာ အနည်းငယ်သာတိုးတက်လာသေးသည်။
ရုရှားနှင့်တရုတ်ခရီးသွားများအတွက်ဆွဲဆောင်နိုင်မည့်နေရာများကို အဓိကထားစဥ်းစားနေကြောင်း ခရီးသွားလုပ်ငန်းရှင်တဦးကပြောသည်။ ကိုဗစ်အလွန်တွင် အံ့သြစရာကောင်းလောက်အောင်ခရီးသွားလုပ်ငန်းအောင်မြင်နေသည့်နိုင်ငံမှာထိုင်းဖြစ်သည်။ထိုသည်ကိုကြည့်ပါက ပြည်ဝင်ခွင့်နှင့်ကိုဗစ်ကန့်သတ်ချက်ဖြေလျော့ထားသည့်မူဝါဒက မည်မျှအရေးပါကြောင်းတွေ့ရမည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များနှင့်ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊အလုပ်အမှုဆောင်များ၊ဟိုတယ်လုပ်ငန်းရှင်များ၊ရန်ကုန်တိုင်းအတွင်းရှိ ဟိုတယ်များနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်များမှ တာဝန်ရှိသူများအား ဖေဖော်ဝါရီ ၂၀ ရက်မွန်းလွဲပိုင်းကတွေ့ဆုံညှိနိူင်းခဲ့ကြသေးသည်။
ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတစ်ရပ်အောင်မြင်အောင်ထိန်းကျောင်းတည့်မတ်ပေးခြင်းသာဖြစ်ပြီး ဖြေလျှော့ပေးရန်လိုအပ်သည်များကို ဖြေလျှော့ပေးသွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကပြောသည်။
ပြည်ပခရီးသွားများ တိုးတက်ဝင်ရောက်လာရေးအတွက် လုပ်ငန်းပိုင်းဆိုင်ရာနှင့်မူဝါဒပိုင်းဆိုင်ရာများ ဟန်ချက်ညီအောင်ဆောင်ရွက်နိုင်ရန်လိုအပ်၍ အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြမည်ဟုပြောကြားဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်ရေးအပြင် ပြည်တွင်းခရီးသွားလုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်းကို “ရည်မှန်းဈေးကွက်ကို နားလည်သဘောပေါက်ပြီး ပြည်ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါကြရပါမယ်။ အဲဒီလို ဖိတ်ခေါ်ရာမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုရအောင် ကြိုးစားကြရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကအသင်းအဖွဲ့များနှင့်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ရာတွင် အဆင်ပြေစေရန် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည့်အကြောင်းလည်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းကလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များအားတွေ့ဆုံ၍ ရန်ကုန်တိုင်းအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက်ဖြစ်သည့် ရန်ကုန်တိုင်းသို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်တိုင်းဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်နေမှုနှင့်ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။