ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံလက်တွဲ၍ မူးယစ်ကင်းစင်သောဒေသတစ်ခုဖြစ်ပေါ်လာစေရန်ဆောင်ရွက်သွားမည်

0
169

(၂၄)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပခဲ့သည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုနှင့်အလွဲသုံးမှုတို့သည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်ကြီးထွားလာ၍ နိုင်ငံများ၏ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေးနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကို ကြီးမားသောဆိုးကျိုးဖြစ်စေသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး၊ပြည်ထဲရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က အစည်းအဝေး၌ပြောကြားခဲ့သည်။

မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၊ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊အိမ်နီးချင်းနိုင်ငံများနှင့်မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိ​နေသည်ဟုဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများကို အနီးကပ်ပူးပေါင်းဆောင်ရွက်​နေကာ နှစ်နိုင်ငံလက်တွဲ၍ မူးယစ်ကင်းစင်သော ဒေသတစ်ခုဖြစ်ပေါ်လာစေရန် ကြိုးပမ်းတည်ဆောက်သွားမည်ဟုပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon ကလည်း မြန်မာနိုင်ငံမှမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ ခေတ်မီနည်းပညာသုံးပစ္စည်းများကို ဆက်လက်ပံ့ပိုးသွားမည်ဟု ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်ဖြေရှင်းရာ၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များ၊နှစ်နိုင်ငံကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများ၊အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here