ပြည်တွင်းဆန် ဈေးပြန်ငြိမ်နိုင်မည့်နည်းလမ်း

0
209

ပြည်ပနိုင်ငံများသို့ ဆန်စပါးတင်ပို့မှုကို ကန့်သတ်လိုက်ပါက ပြည်တွင်းဆန်ဖူလုံပြီး ဈေးပြန်ငြိမ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။

“ ကျွန်တော်တို့အခြေခံစားသောက်ကုန်ဟာ ဆန်စပါးဖြစ်တဲ့အတွက်ကြောင့်မို့လို့ သတိထားရမှာပေါ့။ လက်ရှိဆိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ စီးပွားကူးသန်းပူးပေါင်းပြီးတော့မှ ပြည်ပပို့ကုန် ဆန်၊ဆန်ကွဲတင်ပို့မှုနဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေလုပ်နေတယ်။ လိုင်စင်တွေကို ကန့်သတ်ထားတယ်။ ပြီးခဲ့တဲ့အပတ်ကစပြီး လိုင်စင်အသစ် Export လိုင်စင်လျှောက်လို့မရဘူး။ ပိတ်ထားတယ်။ နောက် ပြည်တွင်းမှာရှိတဲ့ဆန်လက်ကျန် စိစစ်ဖို့လိုနေတယ်။ နောက်ပြီးတော့ သိုလှောင်ထားတဲ့ဟာတွေပေါ့နော်။ အထူးသဖြင့် ဆန်စပါးတို့၊ ပဲ၊ ပြောင်း၊ နှမ်းတို့ ကလည်း ပြင်ပကလူတွေ ဝယ်သိုလှောင်တာလည်းပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေတော်တော်များများက ဘဏ်မှာပိုက်ဆံမထားကြဘူး။ ပိုက်ဆံထုတ်တယ်။ ဆန်တို့ ပဲတို့ဝယ်ပြီးလှောင်ထားကြတယ်။ ဒီအချက်လည်းပါတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ export နဲ့ပတ်သက်ပြီး ဆန်စပါးကို ကန့်သတ်လိုက်မယ်ဆိုရင် ဆန်ဈေး၊ ဆန်ကွဲဈေးက ပြန်ပြီးတည်ငြိမ်လာနိုင်ပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ဆန်ဈေး၊ စပါးဈေးအပြင် ပဲ၊ ပြောင်း၊ နှမ်းတို့သည်လည်း ဈေးတက်နေကြောင်း၊ ယမန် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်တွင် ဆန်ဈေးအပါအဝင် အခြားကုန်ပစ္စည်းဈေးနှုန်းတို့သည် ၁၀၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ၁၀၀ ရာခိုင်နှုန်းမြင့်တက်လာသည့်အတွက် စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုသည် နွေစပါးပေါ်ချိန်ဖြစ်ပြီး ပြည်ပသို့ export အများကြီးမထွက်သွားပါက ပြည်တွင်းဆန်ဖူလုံမည်ဖြစ်ကြောင်း သုံးသပ်ထားသည်။

ပြည်တွင်းဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း (ဆန်အသစ်) တအိတ် ၈၄၀၀၀ ကျပ်မှ  ၈၈၀၀၀ ကျပ် ရွှေဘိုပေါ်ဆန်း (အဟောင်း) တအိတ် ၁၂၀၀၀၀ ကျပ်ဝန်းကျင် ၊  ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန်) ၁ အိတ် ၆၇၀၀၀ ကျပ်မှ ၇၇၀၀၀ ကျပ် ဆန်ကြမ်းအဟောင်း (ငစိန်၊ ဇီယာ အုပ်စုဝင် ) ၁ အိတ် ၅၃၀၀၀ ကျပ်ကျော်မှ ၆၅၀၀၀ ကျပ်ရှိ​နေသည်။

ပြည်ပသို့ ဆန်တင်ပိုနေသည့် ကုမ္ပဏီပေါင်း (၄၉) ခုရှိပြီး ဘယ်လ်ဂျီယံ၊အီတလီ၊ ရိုမေးနီးယား၊စပိန်၊ပိုလန်၊နယ်သာလန်အစရှိသည့် နိုင်ငံတွေကို တင်ပို့နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here