တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၂၄၀၀ သက်တမ်းရှိ ရှေးအကျဆုံး ဖြစ်နိုင်သောရေလောင်းအိမ်သာကို ရှာဖွေတွေ့ရှိ

0
176

တရုတ်နိုင်ငံ ရှန်ရှီး ပြည်နယ်တွင် လွန်ခဲ့သည့် နွေရာသီ၌ နှစ်ပေါင်း ၂၄၀၀ သက်တမ်းရှိပြီဖြစ်သော ရေလောင်းအိမ်သာတစ်ခုကို ရှာဖွေတွေ့ခဲ့ပြီး ယခုလတွင် တရားဝင် ထုတ်ဖော်ပြသခဲ့ကြောင်း ချိုင်းနားဒေးလီး သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ ရေလောင်းအိမ်သာကို ယွဲ့ယန်မြို့ရှိ နန်းတော်တစ်ခု၏ အပျက်အစီးများကြားတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ထီးနန်းပြိုင်ကာလ (ဘီစီ ၄၂၄) နှင့် ချင်မင်းဆက် (ဘီစီ ၂၂၁ မှ ဘီစီ ၂၀၆) ရောက်သည်အထိ အသုံးပြုခဲ့ကြသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ထိုအိမ်သာသည် တရုတ်နိုင်ငံတွင် တူးဖော်တွေ့ရှိခဲ့သော ပထမဆုံးနှင့် တစ်ခုတည်းသော ရေလောင်းအိမ်သာ ဖြစ်သည်ဟု တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ ရှေးဟောင်းသုတေသနဌာန၏ သုတေသီတစ်ဦးဖြစ်သူ လျှိုလွေ့က ပြောသည်။

ထို့ပြင် အဆိုပါအိမ်သာသည် ဇိမ်ခံပစ္စည်း ဖြစ်သည်ဟု ယူဆရသည့်အတွက် အစေခံများအတွက်မဟုတ်ဘဲ အုပ်ချုပ်သူသာ အသုံးပြုနိုင်သော ပစ္စည်းဖြစ်ကြောင်း လွေ့က ဆိုသည်။

“အဲဒီရေလောင်းအိမ်သာဟာ မိလ္လာစနစ်နဲ့ပတ်သက်ပြီး ရှေးခေတ် တရုတ်လူမျိုးတွေရဲ့ အရေးပါပုံကို အခိုင်အမာသက်သေပြနေပါတယ်” ဟု လွေ့က ပြောကြားခဲ့သည်။

ထိုအိမ်သာကို ရှာဖွေ့မတွေ့မီက ပထမဆုံးသော ရေလောင်းအိမ်သာကို ၁၆ ရာစုတွင် ဆာဂျွန်ဟဲရင်တန်က တီထွင်ခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။

Source: New York Post


LEAVE A REPLY

Please enter your comment!
Please enter your name here