ဗင်းနစ်မြို့ တူးမြောင်းများတွင် စံချိန်တင် ရေခန်းခြောက်မှုဖြစ်ပွားလျှက်ရှိ

0
174

အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် နှစ်စဉ် ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိခြင်းကို လူသိများသော်လည်း ယခုအခါတွင်မူ ယင်းနှင့် ဆန့်ကျင်ဖက်ဖြစ်သည့် စံချိန်တင် ရေခန်းခြောက်မှုဖြစ်ပေါ်နေသဖြင့် မြို့တွင်းရှိ တူးမြောင်းများအတွင်း ခရီးသွားများစီးနင်းလှည့်လည်လေ့ရှိကြသော ဂွန်ဒိုလာ လှေများပင် မြို့၏ ထင်ရှားသောနေရာအချို့သို့ သွား၍မရနိုင်တော့ပေ။

အနောက်ဥရောပတွင် ရက်သတ္တပတ်များစွာကြာမြင့်သည့် ဖိအားများစွာပေးခဲ့သော ရာသီဥတုစနစ်ကြောင့် ထိုသို့ရေခန်းခြောက်မှုကိုရင်ဆိုင်နေရသည့်အပြင်၊ အဲ့လ်ပ်စ်တောင်တန်းများတွင် ယခုနှစ်နှင်းကျရောက်မှုသည်လည်း ယခင်နှစ်များနှင့် နှိုင်းစာလျှင် ထက်ဝက်ခန့်ကျဆင်းသွားကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက သတိပေးထားရာ အီတလီသည် နောက်ထပ် နွေရာသီတစ်ခုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ကိုလည်း စိုးရိမ်နေလျှက်ရှိသည်။

မြို့တွင်း အချို့သော တူးမြောင်းများတွင် ရေလုံးဝခန်းခြောက်လုနီးပါးဖြစ်ကာ နွံများသာရှိတော့သဖြင့် ယင်းကို မြင်တွေ့ရသူများလည်း အံ့သြတုန်လှုပ်နေကြသည်ကို တွေ့ရသည်။

အီတလီနိုင်ငံ၏ အဲ့လ်ပ်စ်တောင်တန်းများတွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ပျမ်းမျှနှင်းကျရောက်မှုနှင့် နှိုင်းစာပါက ယခုနှစ်တွင် နှင်းကျရောက်မှု ၅၃ ရာခိုင်နှုန်းအထိ လျော့နည်းသွားကြောင်း အီတလီနိုင်ငံမှ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် Legambiente အဖွဲ့က ယခုသီတင်းပတ်အစောပိုင်းကတည်းက သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ယင်းနှင်းများသည် နွေဦးရာသီတွင် အရေးကြီးသော ရေအရင်းအမြစ်တစ်ခုဖြစ်သောကြောင့် ရေအလိုအပ်ဆုံးလများအတွက် ရေထောက်ပံ့မှုကို သေချာစေရန် ယခုကတည်းက ပြင်ဆင်သင့်ကြောင်းကိုလည်း Legambiente အဖွဲ့က တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here