မကွေးမြို့တွင် ယနေ့နံနက်ပိုင်းက ဖယောင်းတိုင်မီးမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားကာ အဘွားအိုတစ်ဦးမီးလောင်သေဆုံး

0
178

မကွေးတိုင်း၊မကွေးမြို့၊ရွာသစ်ကြိုရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၃ ရက်(ယနေ့)နံနက်ပိုင်းက ဖယောင်းတိုင်မီးကြောင့် နေအိမ်မီးလောင်ကာ အသက်(၇၄)နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးမီးလောင်သေဆုံးခဲ့သည်ဟု မကွေးတိုင်းမီးသတ်တပ်ဖွဲ့စခန်းနှင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မကွေးတိုင်း)တို့မှ သိရသည်။

ယနေ့နံနက် ၆ နာရီ ၅၀ မိနစ်ခန့်က မကွေးမြို့၊ရွာသစ်ကြိုရပ်ကွက်၊နတ်မောက်လမ်းနှင့် ၁၈ လမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ မကွေးတိုင်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“စခန်းကို သတင်းဝင်လာတဲ့အချိန်ချက်ချင်းသွားပြီးငြှိမ်းပေးခဲ့ပါတယ် အခု သေဆုံးသွားတဲ့အဘွားရဲ့သမီးတွေက မီးပြတ်တဲ့အချိန်မှာ အဘွားအလင်းရောင်ရအောင် ဖယောင်းတိုင်နဲ့မီးခြစ်ပေးထားတယ် အခင်းဖြစ်တဲ့အချိန်ကလည်း မီးပြတ်နေတဲ့အချိန်ဖြစ်တဲ့အတွက် အဲဒီကနေစလောင်တာလို့ ကနဦးစစ်ဆေးချက်အရ သိရပါတယ် မီးက ၁၀ နာရီလောက်မှပြန်လာတာပါ”ဟု မကွေးတိုင်းမီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်အား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၇ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး အိမ်ရှင်ဖြစ်သည့် ဒေါ်ခင်ပိုက်(၇၄)နှစ်မှာ မီးလောင်သေဆုံးသွားခဲ့သည်ဟု သိရသည်။

“မီးလောင်တဲ့အိမ်က တံခါးတွေပိတ်ထားတော့ အိမ်ထဲမှာပိတ်မိသွားပြီး မီးလောင်သေဆုံးသွားတာပါ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မကွေးတိုင်း)၏တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် မီးလောင်သေဆုံးသွားသည့် အဘွားအို၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် မကွေးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here