တရုတ်ထိပ်တန်းသံတမန် ဝမ်ယိနှင့် ပူတင်တို့ မော်စကိုတွင် တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်စေရေး ထပ်မံအတည်ပြု

0
181

တရုတ်ထိပ်တန်း သံတမန် ဝမ်ယိသည် ရုရှားသမ္မတ ပူတင်အား မော်စကိုသို့ ဖေဖော်ဝါရီလ ၂၂ ရက် ဗုဒ္ဓဟူးနေ့က သွားရောက်စဉ် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်နှင့် ရုရှားတို့သည် ၎င်းတို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနီးကပ်စွာ လုပ်ဆောင်ရန် အသင့်ရှိကြောင်း ဝမ်က ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တရုတ်-ရုရှား ဆက်ဆံရေးသည် အခြားသောနိုင်ငံများအား ဆန့်ကျင်ရန် ရည်ရွယ်ခြင်း မဟုတ်သည့်အတွက် အခြားနိုင်ငံများက ဖိအားလာပေးနိုင်မည်မဟုတ်ဟု ဝမ်က ပြောသည်။

ထို့ပြင် ပေကျင်းအနေဖြင့် လက်ရှိဖြစ်ပွားနေသော ယူကရိန်းအရေးအခင်းအတွင်း ကြားနေဖျန်ဖြေသူ လုပ်ပေးရန် ဆန္ဒရှိကြောင်း ဝမ်က ဖော်ပြခဲ့သည်။

ပူတင်ကလည်း ၎င်းတို့နှစ်နိုင်ငံသည် နိုင်ငံတကာရေးရာကိစ္စများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားကာ တရုတ်နိုင်ငံအပေါ် ရုရှားက ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

“တရုတ်နဲ့ ရုရှားကြား ကမ္ဘာ့အဆင့်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်တာဟာ နိုင်ငံတကာ အခြေအနေတည်ငြိမ်ဖို့အတွက် အလွန်အရေးကြီးပါတယ်” ဟု ပူတင်က ပြောခဲ့သည်။

ထို့ပြင် ရှီကျင့်ဖျင်အား ရုရှားသို့ အလည်အပတ်လာရောက်ရန် မျှော်လင့်နေကြောင်း ပူတင်က ဝမ်အား ပြောခဲ့သည်။

ဝမ်သည် အင်္ဂါနေ့ကတည်းက ရုရှားသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ပူတင်နှင့် မတွေဆုံမီ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရောဗ့်နှင့် ရုရှားလုံခြုံရေး အကြီးအကဲ နီကိုလိုင်း ပတ်ထရူရှက်ဗ်တို့နှင့် တွေ့ဆုံခဲ့သည်။

Source: DW


LEAVE A REPLY

Please enter your comment!
Please enter your name here