လှည်းကူးမြို့တွင် လက်နက်ကိုင်အဖွဲ့ဝင်များက မိသားစုဝင်တစ်စုအား သေနတ်ဖြင့်ပစ်ခတ်၍ အ သက်(၃)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး

0
184

ရန်ကုန်တိုင်း၊လှည်းကူးမြို့၊ရိပ်သာရပ်ကွက်တွင် နေထိုင်သည့် မိသားစုဝင်တစ်စုအား လက်နက်ကိုင်အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းက သေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

ယမန်နေ့ည ၈ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် လှည်းကူးမြို့၊ရိပ်သာရပ်ကွက်၊ ၁/န (၄)လမ်း၊ကွက်သစ်နေ ဒေါ်စန်းနွဲ့၏ နေအိမ်သို့ရောက်ရှိလာပြီးနောက် မိသားစုဝင်များအား သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် မိသားစုဝင်များဖြစ်သည့် အသက်(၃)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး၊ ဦးအောင်မောင်း(၈၅)နှစ်နှင့်ဒေါ်စန်းနွဲ့၊ကိုမောင်မောင် ၊မဝင်းနွယ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာနေအိမ်ဧည့်ခန်းတွင် သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

“သူတို့က ငါးခြောက်၊ပုဇွန်ခြောက်တွေကို Online ကနေရောင်းတာ သေနတ်သံတွေကြားလို့ လုံခြုံရေးအဖွဲ့တွေကိုဖုန်းဆက်အကြောင်းကြားပြီး လာစစ်တဲ့အချိန်မှာ မိသားစုဝင်အကုန်လုံးသေဆုံးနေတာကိုတွေ့ရတာ လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဥ်တွေအတိုင်းဆောင်ရွက်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အခင်းဖြစ်နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ နေအိမ်ဧည့်ခန်းအတွင်း၌ ကျည်ခွံ ၅ ခုအားတွေ့ရှိခဲ့ရပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ပိတ်ဆို့စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here