မွန်ပြည်နယ်၌ ရဲအရာရှိအယောင်ဆောင်၍ ငွေကြေးလိမ်လည်တောင်းခံသူအား ဖော်ထုတ်ဖမ်းဆီးရမိ

0
244

မွန်ပြည်နယ်အတွင်း၌ ရဲအရာအယောင်ဆောင်၍ ငွေကြေးလိမ်လည်တောင်းခံသူ မျိုးမြင့်အောင် (ခ)စိုင်းဝဏ္ဏ(၄၇)နှစ်အား ဖေဖော်ဝါရီ ၂၁ ရက်မွန်းတည့်ပိုင်းက မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊မော်လမြိုင်မြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် ရဲအရာရှိတစ်ဦးမှ အမှုကိစ္စများအား လွတ်မြောက်အောင်ကူညီပေးမည်ဟုပြောဆို၍ ငွေကြေးတောင်းခံမှုများရှိနေကြောင်း သတင်းအရ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုခင်းအကူဌာနမှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ရဲအရာရှိအယောင်ဆောင်သည့် မျိုးမြင့်အောင်(ခ)စိုင်းဝဏ္ဏအား မော်လမြိုင်မြို့နယ်၊ကော့ခနိကျေးရွာရှိ မော်လမြိုင်-မုဒုံသွားကားလမ်းဘေးတွင် ဖေဖော်ဝါရီ ၂၁ ရက်မွန်းတည့် ၁၂ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ၎င်းကိုင်ဆောင်ထားသည့်အိတ်အတွင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဘက်တံဆိပ်တပ်ဆင်ထားပြီး ပခုံးနှစ်ဖက်ပေါ်တွင် ငွေရောင်ကြယ် (၃)ပွင့်တပ်ဆင်ထားသည့် ရဲယူနီဖောင်းအင်္ကျီ (၁)ထည်နှင့်ရဲအရာရှိအသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မွန်ပြည်နယ်အတွင်းရှိ တာဝန်ရှိလူကြီးများ၏အမည်အားအသုံးပြု၍ အမှုကိစ္စများမှလွတ်မြောက်စေရန် ကူညီပေးမည်ဟုပြောဆိုပြီး ငွေကြေးများတောင်းခံခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ရဲအရာရှိအယောင်ဆောင်သူအား ဥပဒေအရထိရောက်စွာအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ကာ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here