တရုတ်နဲ့ရုရှားတို့၏ ပူးပေါင်းမှုသည် နိုင်ငံတကာတည်ငြိမ်ရေး၏ အဓိကအချက်ဖြစ်ဟုဆို

0
113

မော်စကို၊ဖေဖော်ဝါရီ ၂၂

တရုတ်နှင့်ရုရှားတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာအခြေနေတည်ငြိမ်အောင်ဆောင်ရွက်ရာ၌ အဓိကကျသည်ဟုရုရှားသမ္မတပူတင်က တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ယိနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

၎င်းတို့၏တွေ့ဆုံမှုသည် တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအရေး၌ ကြားဝင်ဖျန်ဖြေရန်ကြိုးပမ်းနေချိန်၌ပေါ်ပေါက်လာခြင်းဖြစ်ပြီး မဟာမိတ်ရုရှားနှင့်လည်း ဆက်ဆံရေးမပျက်မည့် နိုင်ငံရေးဖြေရှင်းနည်းကို ရရှိရန်ကြိုးပမ်းနေချိန်လည်းဖြစ်သည်။

သို့သော်အမေရိကနှင့်နေတိုးအဖွဲ့များကမူ တရုတ်အနေဖြင့်ရုရှားသို့လက်နက်ထောက်ပံ့နေမည်ကိုလည်း စိုးရိမ်မိကြောင်းထုတ်ဖော်ပြောကြားလျက်ရှိသည်။

“ရုရှားနဲ့ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနဲ့ နက်ရှိုင်းတဲ့ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင်လုပ်ဖို့အဆင်သင့်ရှိပါတယ်” ဟုမစ္စတာဝမ်ယိကပြောကြားခဲ့သည်။

ရုရှားသမ္မတနှင့်မတွေ့ဆုံခင် ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် မစ္စတာဝမ်ယိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလားရော့ဗ်နှင့်လည်းတွေ့ဆုံခဲ့ကာ ကမ္ဘာ့အသိုင်းအဝိုင်းကမည်သို့နှောင့်ယှက်ပါစေ ၎င်းတို့နှစ်နိုင်ငံသည် ခိုင်မြဲမှုနှင့် တစ်နိုင်ငံ့အကျိုးအတွက် တစ်နိုင်ငံကာကွယ်ပေးသွားမည်ဟုလည်း မစ္စတာလားရော့ဗ်ကပြောကြားခဲ့သည်။

သို့သော်ယင်းသို့ဆောင်ရွက်ရာ၌ နိုင်ငံတကာဥပဒေအားလေးစားလျက် ကုလသမဂ္ဂ၏အဓိကအခန်းကဏ္ဍကိုလည်း လေးစားလိုက်နာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here