မတ်လ ၁ ရက်မှစတင်၍ ဆန်/ဆန်ကွဲ တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းထားဖြင့် လဲလှယ်ရမည်

0
209

နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့မှုမှရရှိသည့် နိုင်ငံခြားသုံးငွေ၏ ၆၅ ရာခိုင်နှုန်းကို လာမည့် မတ်လ ၁ ရက်မှစတင်၍ ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ပို့ကုန်တင်ပို့မှုဆောင်ရွက်ရာတွင် ကုန်စည်အလိုက် မျှတမှုရှိစေရေးနှင့် ပြည်ပသို့တင်ပို့သည့် အဓိကပို့ကုန်ပစ္စည်းများအပေါ် တစ်ပြေးညီကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယခင်က နယ်စပ်ကုန်သွယ်ရေးစခန်းများတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့မှုမှရရှိသည့် ပို့ကုန်ဝင်ငွေကို ဗဟိုဘဏ်က သတ်မှတ်ထားသည့်နှုန်းထားဖြင့် မြန်မာကျပ်ငွေလဲလှယ်ခြင်းမပြုစေဘဲ ပို့ကုန်တင်ပို့သူအား ရာနှုန်းပြည့်ထုတ်ယူအသုံးပြုခွင့် ပေးထားခြင်းဖြစ်သည်။

ယင်းကြောင့် သတ်မှတ်ထားသည့် ရက်မတိုင်ခင် ပြည်ပမှ ကုန်ဖိုးငွေ ကြိုတင်ပေးပို့ထားပြီး အဆိုပါနေ့ရက်နှင့် နောက်ပိုင်းတွင် ပြည်ပသို့တင်ပို့မည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း ပို့ကုန်ရငွေများကိုလည်း သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့်လဲလှယ်ရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို  တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့်လဲလှယ်ရမည်ဟု ကြေညာချက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါမူဝါဒအတွင်း ပါဝင်သည့်ပို့ကုန် ၆ မျိုးမှာ ပဲ၊ပြောင်း၊နှမ်း/ မြေပဲ၊ရာဘာ၊ ရေထွက်ပစ္စည်းနှင့် တိရိစ္ဆာန်အရှင်တို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here